ပီအက်စ်ဂျီပိုင်ရှင် အယ်လ်ခီလိုင်ဖီဟာ အသင်းရဲ့နည်းပြသစ်အဖြစ် ဇီဒန်းကို စိတ်ဝင်စားခြင်းမရှိဘူးလို့ ပြောကြားလာပါတယ်။ ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲပြီးနောက် လက်ရှိအချိန်ထိ အသင်းလက်မဲ့ဖြစ်နေဆဲပါ။

ဇီဒန်းကို ခေါ်ယူဖို့ ယူနိုက်တက်၊ ပီအက်စ်ဂျီတို့က ဒီကြားထဲမှာ ဆက်တိုက်သတင်းထွက်ခဲ့ပါတယ်။ လက်ရှိနွေရာသီမှာတော့ ဇီဒန်းနဲ့ပီအက်စ်ဂျီအကြား အပြောင်းအရွှေ့သတင်းတွေက ပိုမိုကျယ်လောင်လာပါတယ်။
ဒါပေမယ့် ဇီဒန်းကတော့ ပီအက်စ်ဂျီအပါအဝင် အခြားသော အသင်းတွေကို ကိုင်တွယ်လိုခြင်းမရှိဘဲ ကမ္ဘာ့ဖလားအပြီးမှသာ ပြင်သစ်လက်ရွေးစင်ကို ကိုင်တွယ်လိုနေပါတယ်။ အခုလည်း ပီအက်စ်ဂျီဥက္ကဌ အယ်လ်ခီလိုင်ဖီက ဇီဒန်းနဲ့ ပတ်သက်လို့ ဖွင့်ဟလာပါတယ်။

အယ်လ်ခီလိုင်ဖီက “ကျနော် ဇီဒန်းကို ချစ်ခင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ သူနဲ့ တခါမှမဆွေးနွေးခဲ့ဖူးပါဘူး။ သူ့ကို စိတ်ဝင်စားနေတဲ့အသင်းတွေ အများကြီးရှိပါတယ်။ နိုင်ငံအသင်းတွေရောပေါ့”

“ကျနော်တို့ မပါဝင်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ပိုချက်တီနိုကို ရာထူးက ထုတ်ပယ်ပြီးနောက် နည်းပြသစ်အဖြစ် နိုက်စ်နည်းပြ ဂဲလ်တီယာကို ရည်ရွယ်ထားပါတယ်။

ဒါနဲ့ပတ်သက်လို့လည်း အယ်လ်ခီလိုင်ဖီက “ဂဲလ်တီယာလား? ကျနော်တို့ နိုက်စ်နဲ့ ဆွေးနွေးနေပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာမှလျှို့ဝှက်ထားစရာမရှိပါဘူး။ မကြာခင် သဘောတူညီမှုရဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ နည်းပြနေရာအပြင် အားကစားဒါရိုက်တာ လီယိုနာဒိုရဲ့နေရာကိုပါ လူးဝစ်ကမ်းပို့စ်နဲ့ အစားထိုးသွားမှာဖြစ်ပါတယ်။