အားပေးတဲ့သူတွေပြီးရင် လီဗာပူးလ်ရဲ့နံပတ် ၁ ပရိသတ်အဖြစ်ရှိနေမယ်လို့ ပြောခဲ့တဲ့ မာနေး

မာနေးကတော့ ဒီနေ့မှာပဲ လီဗာပူးလ်ကနေ ဘိုင်ယန်မြူးနစ်အသင်းကို တရားဝင်ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ ၃ နှစ်စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

မာနေးဟာ လီဗာပူးလ်အသင်းကို ၂၀၁၆ က ဆောက်သမ်တန်ကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၆ နှစ်အတွင်းမှာ အသင်းကို ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊အက်ဖ်အေဖလား၊ကာရာဘောင်းဖလား၊ဖီဖာကလပ်ကမ္ဘာ့ဖလားနဲ့ ယူအီးအက်ဖ်အေစူပါဖလားတို့ကို ရယူနိုင်ခဲ့တာပါ။

မာနေးကတော့ သူဟာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တယ်လို့ ပြောပြီး လီဗာပူးလ်အသင်း ပရိသတ်တွေကို နှုတ်ဆက်စကားပြောသွားခဲ့ပါတယ်။

မာနေးက “လီဗာပူးလ်ကနေ ထွက်ခွာမယ့်သူတိုင်းဟာ အားပေးတဲ့သူတွေကို အမြဲတမ်းလွမ်းနေမှာပါ။အခုထိ သူတို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်တယ်လို့ ကျွန်တော်အမြဲတမ်းပြောခဲ့ဖူးပါတယ်”

“အန်ဖီးလ်မှာကစားတဲ့ အချိန်မှာ ပရိသတ်တွေက အမြဲတမ်းခွန်အားတွေပေးတယ်လို့ ထင်ပါတယ်။ခင်ဗျားတို့ကို လွမ်းနေမှာသေချာပြီး ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ကို ကျွန်တော်ချစ်တယ်။လီဗာပူးလ်မှာ ကျွန်တော့်အိမ်ရှိတဲ့အတွက် ဒီကို ပြန်လာမယ်ဆိုတာ အသေအချာပါပဲ”

“သူတို့ကို နှုတ်ဆက်စကားပြောဖို့ တစ်နေ့မှာ အန်ဖီးလ်ကိုလာပြီး လီဗာပူးလ်ပွဲကိုကြည့်ချင်ပါတယ်။အားပေးသူတွေပြီးရင်တော့ ကျွန်တော်ဟာ လီဗာပူးလ်ရဲ့နံပတ် ၁ ပရိသတ်ဖြစ်လာမှာပါ”လို့ ဆိုခဲ့ပါတယ်။

မာနေးဟာ လီဗာပူးလ်အသင်းမှာ ကစားတဲ့ အချိန်အတွင်း ၂၆၉ ပွဲပါဝင်ကစားပြီး ၁၂၀ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။