ဆီဗီလာ နဲ့ သရေကျခဲ့တာက သူ့ကို အိပ်ပျော်ဖို့ ခက်ခဲစေတယ်လို့ ပြောခဲ့တဲ့ ဇာဗီ

ဘာစီလိုနာ အသင်းနည်းပြ ဇာဗီ က ဆီဗီလာ အသင်းနဲ့ သရေကျပြီး အမှတ်တွေဆုံးရှုံးခဲ့တာကြောင့် သူ့ကို အိပ်ပျော်ဖို့ ခက်ခဲစေတယ်လို့ ဝန်ခံလိုက်ပါတယ်။ဘာစီလိုနာ အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ လာလီဂါ ပွဲမှာ တဖက်တဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။

ဆီဗီလာ အသင်းက ကိုအန်ဒီ အထုတ်ခံခဲ့ရပြီး ဘာစီလိုနာ အသင်းက ဂိုးကန်သွင်းခွင့် အများကြီးရခဲ့ပေမယ့် အသုံးမချနိုင်တာကြောင့် သရေကျသွားခဲ့တာပါ။ဇာဗီ ကတော့ သရေကျခဲ့‌ပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်ဟာ လူတွေလိုချင်တဲ့ ပုံစံမျိုးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဒီပွဲသရေကျခဲ့တာကြောင့် အဆင့်(၇)နေရာမှာပဲ ဆက်လက်ရပ်တည်နေပြီး အဆင့်(၄)နေရာက ဗယ်လက်ကာနို အသင်းနဲ့ (၂)မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။

ဇာဗီ က “ဒါဟာ ချိုမြိန်တဲ့ ခံစားမှုတခုပါပဲ။ကျွန်တော်တို့ ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ တိုးတက်ဖို့ လိုသေးတယ်ဆိုတာ သိသာပါတယ်။ကျွန်တော်တို့ ရမှတ်ရခဲ့တယ်ဆိုပေမယ့် စိတ်ရှည်သည်းခံရပါမယ်”

“ဒီပုံစံအတိုင်း ဆက်တွန်းအားပေးရမှာဖြစ်ပြီး ကျွန်တော်တို့ဟာ လမ်းကြောင်းမှန်ပေါ်ရောက်နေပါတယ်။ဒါပေမယ့် သူတို့ကို အနိုင်မယူနိုင်ခဲ့တာကတော့ ရှက်ဖို့ကောင်းပါတယ်။အနိုင်မရတာကို လက်ခံဖို့ ခက်ခဲပါတယ်။ကျွန်တော်အိပ်ပျော်ဖို့ ခက်ပါလိမ့်မယ်။အနိုင်ရသင့်တယ်လို့ထင်ပါတယ်”

“ဆီဗီလာ အသင်းဟာ အလွန်အတွေ့အကြုံရှိပြီး နည်းစနစ်ပိုင်းကလည်း ကောင်းပေမယ့် မကျေနပ်ပဲနဲ့ ဒီကနေ သွားရမှာပါ။မနက်ဖြန်တော့ ပြန်ကြည့်ပြီး ကောင်းမွန်စွာကစားနိုင်ခဲ့တယ်လို့ တွေးမိမှာပါ။အရန်ခုံမှာရှိတဲ့ ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကလည်း အလွန်ကောင်းပါတယ်”

“ဒါက လူတွေလိုချင်နေတဲ့ ဘာစီလိုနာ လို့ထင်ပါတယ်။အသင်းက အလွန်ကောင်းမွန်စွာ ကစားနိုင်ခဲ့တယ်လို့ထင်ကြောင်း”ပြောခဲ့တာဖြစ်ပါတယ်။