ကိုဗစ်ကြောင့် ဘလတ်ဘိုင်လိုက်နေသေးတဲ့ ယူနိုက်တက် လေ့ကျင့်ခန်းအစီအစဥ်များ

မနေ့က ယူနိုက်တက်ရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ကစားသမားအချို့ ရောက်လာခဲ့ပေမယ့် အဲ့ဒီအထဲမှာ လုခ်ရှော၊ လင်ဂတ်နဲ့ ဂရင်းဝုဒ်တို့က ကွင်းကို ရောက်ပြီး (၁၀) မိနစ်အကြာမှာပဲ အိမ်ပြန်သွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

နော့ဝစ်ချ်ကို အဝေးကွင်းမှာ ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ယူနိုက်တက် အသင်းတွင်း ကိုဗစ်ကူးစက်မှု ပြင်းထန်ခဲ့ပြီး ကစားသမားနဲ့ ဝန်ထမ်းစုစုပေါင်း အနည်းဆုံး (၂၅) ယောက်အထိ ကိုဗစ်ကူးစက်ခံခဲ့ရတာပါ။

အဲ့ဒါကြောင့်လည်း ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပိတ်ထားခဲ့ရပြီး ပွဲကစားနိုင်တဲ့ ကစားသမား (၇) ယောက်သာရှိတာကြောင့်လည်း ဘရန့်ဖို့ဒ်၊ ဘရိုက်တန်တို့နဲ့ပွဲတွေကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

မနေ့က ကာရင်တန်လေ့ကျင့်ရေးကွင်းကို နည်းပြ ရန်းနစ်ဂ်၊ အသင်းခေါင်းဆောင် မက်ဂွိုင်းရားအပါအဝင် ရပ်ရှ်ဖို့ဒ်၊ ဗာရန်း၊ တွမ်မီနေး၊ ဖရက်ဒ်၊ မာတာ၊ လုခ်ရှော၊ ဂရင်းဝုဒ်၊ လင်ဂတ်တို့ ရောက်ရှိလာခဲ့ပေမယ့် လုခ်ရှော၊ ဂရင်းဝုဒ်၊ လင်ဂတ်တို့က ချက်ချင်းဆိုသလို လေ့ကျင့်ရေးကွင်းကနေ ပြန်လည်ထွက်ခွာခဲ့တာပါ။

ဒါ့အပြင် အဓိက,ကစားသမား ရော်နယ်ဒိုအပါအဝင် ဗန်ဒီဘိခ်၊ ပေါ့ဘာ၊ ဒါလော့၊ ဆန်ချို၊ ဖီးလ်ဂျုံးစ်၊ တွမ်ဟီတန်၊ ဟန်ဒါဆန်တို့ကိုတော့ မြင်တွေ့ခဲ့ရခြင်းမရှိပါဘူး။

ယူနိုက်တက်ဟာ လာမယ့်အပတ်မှာ နယူးကာဆယ်နဲ့ ကစားဖို့ရှိနေပြီး အဲ့ဒီပွဲ ကစားဖြစ်၊ မကစားဖြစ်ကလည်း အခုချိန်ထိ မသေချာသေးပါဘူး။