ဘယ်လိုမှစိတ်မထိန်းနိုင်တော့ဘဲ ဘာကာကစားသမားကို ကျွေးမိလို့ ထုတ်ခံလိုက်ရတဲ့ ဆီဗီလာကစားသမား

ဆီဗီလာ နောက်ခံလူ ကွန်ဒေးဟာ မနေ့ညက ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ပွဲမှာ သူ့ဒေါသသူ မထိန်းချုပ်နိုင်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

ဒီပွဲဟာ နှစ်သင်းလုံးအတွက် အရေးပါတဲ့ပွဲဖြစ်ပြီး ဆီဗီလာအနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးက ရီးရဲယ်မက်ဒရစ်ကို ဆက်လက်ဖိအားပေးဖို့ လိုအပ်ခဲ့သလို ဘာစီလိုနာကလည်း ရလဒ်ဆိုးတွေကနေ ရုန်းထွက်လာဖို့ လိုအပ်နေတာပါ။

ဒါပေမယ့် ဒီပွဲမှာတော့ တဖက်တဂိုးစီသရေနဲ့သာ ပွဲပြီးဆုံးခဲ့ရပြီး နှစ်သင်းလုံးအတွက် မတင်မကျ ရလဒ်မျိုးကို ရရှိခဲ့ပါတယ်။

ပထမပိုင်းမှာ ပါပူဂိုးမက်ဇ်က ဆီဗီလာအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် ဘာစီလိုနာအတွက် ချေပဂိုးကို အရူဂျိုက ဒမ်ဘီလီရဲ့ ထောင့်ကန်ဘောကတဆင့် ခေါင်းတိုက်ချေပခဲ့ပါတယ်။

ပွဲကစားချိန် (၆၄) မိနစ်မှာတော့ ကွင်းဘေးစည်းမှာ ဆီဗီလာနောက်ခံလူ ကွန်ဒေးကို ဘာစီလိုနာ နောက်ခံလူ အယ်လ်ဘာက နောက်ကနေ နှစ်ကြိမ်တိတိ ဝင်ဆောင်ခဲ့ပါတယ်။

အဲ့ဒီမှာပဲ ကွန်ဒေးတယောက် ဒေါသမထိန်းနိုင်တော့ဘဲ အယ်လ်ဘာရဲ့ မျက်နှာကို ဘောလုံးနဲ့ အနီးကပ် ကောက်ထုခဲ့တာပါ။

ကွင်းလယ်ဒိုင်ကလည်း မဆိုင်းမတွပဲ ကွန်ဒေးကို တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခဲ့ပြီး ဆီဗီလာတို့ လက်ကျန်ပွဲကစားချိန်ကို တယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဆီဗီလာက အိမ်ကွင်းမှာ အကောင်းဆုံး ခုခံကစားနိုင်ခဲ့ပြီး ဘာစီလိုနာအနေနဲ့လည်း အနိုင်ဂိုးရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် တဖက်တဂိုးစီ သရေနဲ့သာ ပွဲပြီးဆုံးခဲ့ရပါတယ်။