ဝုလ်ဗ်က ကစားသမားလှောင်တာကိုပါ ခံရတဲ့ ဘဝရောက်သွားခဲ့ပြီဖြစ်တဲ့ ဘာစီလိုနာ

ဝုလ်ဗ်က ကစားသမားတွေဖြစ်တဲ့ ဆာအစ်နဲ့ ဆီမီဒိုတို့ရဲ့ စကားပြောနေတဲ့ ဗီဒီယိုတခုကို ဝုလ်ဗ်က သူတို့ရဲ့ ဆိုရှယ်မီဒီယာက တဆင့် ပရိသတ်တွေဆီမျှဝေခဲ့ပါတယ်။

ဆီမီဒိုဟာ ဘာစီလိုနာ ကစားသမားဟောင်းတယောက်ဖြစ်ပြီး အခုချိန်မှာတော့ ဝုလ်ဗ်အတွက် ကစားပေးနေတာပါ။

ဒီဗီဒီယိုထဲမှာတော့ ဆာအစ်က အခြေအနေဆိုးနေတဲ့ ဘာစီလိုနာနဲ့ ပတ်သက်လို့ ဆီမီဒိုကို ဘာစီလိုနာအကြောင်း မပြောဖို့ ပြောရင်း တပါတည်း လှောင်ပြောင်သွားခဲ့တာဖြစ်ပါတယ်။

ဆာအစ်က “ငါ့ သူငယ်ချင်းရေ… မင်း ဘာလို့ ဘာစီလိုနာအကြောင်း ပြောနေရတာလဲ? သူငယ်ချင်းရဲ့… ဘာစီလိုနာက အဆုံးသတ်သွားပြီကွ၊ မက်ဆီလည်း သွားပြီ၊ လူတိုင်းကလည်း အဲ့ဒီအသင်းကို စွန့်ခွာသွားကြပြီကွ” လို့ ပြောဆိုသွားခဲ့တာပါ။

ဘာစီလိုနာဟာ ဒီရာသီမှာ အခြေအနေဆိုးတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရတဲ့ အသင်းတသင်းဖြစ်ပြီး ချန်ပီယံလိဂ်မှာ အုပ်စုကထွက်ခဲ့ရသလို လာလီဂါမှာလည်း ရီးရဲယ်မက်ဒရစ်နဲ့ လက်ရှိအချိန်မှာ (၁၅) မှတ်ပြတ်နေတာပါ။

မနေ့က ကစားခဲ့တဲ့ ဆီဗီလာနဲ့ပွဲမှာလည်း ဘာစီလိုနာတို့ ရလဒ်ကောင်းမရခဲ့ဘဲ အဝေးကွင်းမှာ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဘာစီလိုနာဟာ ဘဏ္ဍာရေးအကျပ်အတည်းတွေနဲ့လည်း ရင်ဆိုင်နေရပြီး အသုံးစရိတ်တွေကို လျှော့ချဖို့အတွက် လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့မှာ အမ်တီတီ၊ ကော်တင်ဟို၊ ဆာဂျီနိုဒက်စ်၊ မင်ဂက်ဇာနဲ့ လုခ်ဒီဂျောင်တို့ကိုလည်း ရောင်းထုတ်သွားဖို့ ပြင်ဆင်နေပါတယ်။