ဘောလွန်းဒီအောဆုပေးပွဲက မက်ဆီ ရဲ့ပြောစကားကို ဟတ်ထိနေတဲ့ လီဝန်ဒေါစကီး

ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်မှူး လီ၀န်ဒေါစကီး က ဘောလွန်းဒီအောဆုပေးပွဲမှာ မက်ဆီရဲ့ ပြောစကား က သူ့ကို ထိမိခဲ့တယ်လို့ ပြောခဲ့ပါတယ်။မက်ဆီ က လီ၀န်ဒေါစကီးဟာ ကွင်းအတွင်း ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် သူ့ရဲ့ ကစားသမားဘ၀မှာ ဘောလွန်းဒီအောဆုကို အနည်းဆုံး တကြိမ်တော့ ရရှိသင့်တယ်လို့ ပြောခဲ့တာပါ။

ဒီဆုပေးပွဲမှာ မက်ဆီ ဟာ လီ၀န်ဒေါစကီး ကို မဲအသာရပြီး ဘောလွန်းဒီအောဆုကို စံချိန်တင်(၇)ကြိမ်မြောက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
လီ၀န်ဒေါစကီးက “ဘောလွန်းဒီအောနဲ့ပတ်သက်ပြီး မက်ဆီရဲ့ပြောစကားက ကျွန်တော့်ကို တကယ်ထိမိ သွားခဲ့ပါတယ်။ဒါဟာ စကားလုံးချည်းပဲ သက်သက်မဟုတ်ပါဘူး။ဒါဟာ ကျွန်တော့်ကစားသမားဘ၀ရဲ့ အကောင်းမွန်ဆုံး အခိုက်အတန့်ပါပဲ”

“ကျွန်တော်ဟာ မက်ဆီနဲ့ မျက်နှာချင်းဆိုင် စကားအနည်းပဲ ပြောခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်က စပိန်စကားပြောတာ သိပ်မကောင်းလို့ပါ။ဘတ်ပီနဲ့ အင်္ဂလိပ်လို ပြောခဲ့ပါတယ်။ဒါကို ဘတ်ပီ က မက်ဆီ အတွက် ဘာသာပြန်ပေးခဲ့ပါတယ်။အလွန်ကောင်းမွန်တဲ့ ညပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဘောလွန်းဒီအောရဖို့ အနာဂတ်မှာ ဘာတွေလိုအပ်လဲဆိုတာနဲ့ပတ်သက်ပြီး လီ၀န်ဒေါစကီး က “ဒါဟာ အသေးစိတ်ကျပြီး အရာအားလုံးက နေသားတကျဖြစ်ဖို့လည်း လိုအပ်ပါတယ်။ကျွန်တော် အာမခံနိုင်တာကတော့ ကျွန်တော့်အလုပ်ကို ကျွန်တော်ဆက်လုပ်ပြီး အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ယူဆောင်လာဖို့ပါပဲ”လို့ ပြောခဲ့တာပါ။

မက်ဆီ ဟာ ဘောလွန်းဒီအောဆုရယူအပြီးမှာ “ကျနော် လီ၀န်ဒေါစကီး ကို ပြောချင်တာက ခင်ဗျားနဲ့ ယှဉ်ပြိုင်ရတာ တကယ့်ကို ဂုဏ်ယူဖို့ ကောင်းပါတယ်။မနှစ်က ဒီဆုကို လီဝန်ရသင့် တယ်ဆိုတာကို လူတိုင်းက နားလည်ထားသလို ကျွန်တော်တို့ကလည်း ဒါကိုသဘောတူပါတယ်။ပြင်သစ် ဘောလုံးက ခင်ဗျားနဲ့ ထိုက်တန်တဲ့ ဘောလွန်းဒီအောဆုကို ချီးမြှင့်သင့်တယ်လို့ ထင်ပါတယ်”

“ဒါက ခင်ဗျားရဲ့ အိမ်မှာရှိနေရမှာပါ။လီ၀န်ဒေါစကီး အတွက် ကောင်းမွန်တဲ့နှစ်တနှစ်ရှိခဲ့တယ်လို့ ထင်ပါတယ်။သူဟာ တနှစ်ပြီးတနှစ်တိုးတက်လာတဲ့ တိုက်စစ်မှူးဖြစ်သလို ဂိုးသွင်းစွမ်းရည်တွေကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ကွင်းထဲမှာရှိနေတဲ့ သူ့ရဲ့ပုံစံကြောင့် လာမယ့်နှစ်မှာ ဒီအဆင့်ကို ရောက်ရှိမယ်ဆိုတာ သေချာပါတယ်။နောက်ပြီး သူဟာ အသင်းကြီးတသင်းမှာ ကစားနေတာပါလို့”ပြောခဲ့တာဖြစ်ပါတယ်။

ပိုလန်တိုက်စစ်မှူး ဟာ အခုနှစ် အတွင်းမှာ သွင်းဂိုးပေါင်း (၆၉)ဂိုးကို သွင်းယူခဲ့ပြီး ဂိုးသွင်းစွမ်းရည်ကို ပြသနိုင်ခဲ့တာပါ။လီ၀န်ဒေါစကီးဟာ (၂၀၂၁) အတွင်း ဘွန်ဒစ်လီဂါ ပြိုင်ပွဲမှာ စံချိန်တင်(၄၃)ဂိုးသွင်းယူနိုင်ခဲ့ပြီး (၄၉)နှစ်ကြာ တင်ရှိခဲ့တဲ့ ဂျာမန်ဂန္တ၀င် ဂတ်မူလာရဲ့ ဂိုးသွင်းစံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။