ဂိုးသွင်းခဲ့တဲ့ အသင်းဖော်ရဲ့ ခေါင်းကို ကန်ပြီး ဂုဏ်ပြုခဲ့တဲ့ ဘာလော့တယ်လီ

ဘာလော့တယ်လီ ဟာ အဒါနာဒီမာစပေါ် အသင်းက ဂါလာတာစာရေး အသင်းကို အနိုင်ရတဲ့ ပွဲမှာ အနိုင်ဂိုးသွင်းယူခဲ့တဲ့ အသင်းဖော် အက်ဂွန်းရဲ့ ခေါင်းကို ခြေထောက်နဲ့ ကန်ပြီး ဂုဏ်ပြုသွားခဲ့ပါတယ်။ဒီပွဲမှာ အဒါနာဒီမာစပေါ် အသင်းက ဂါလာတာစာရေးကို (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

(၂)ဂိုးလုံးကို အက်ဂွန်းက သွင်းယူခဲ့တာပါ။မန်စီးတီးနဲ့ အင်တာမီလန် အသင်းတိုက်စစ်မှူးဟောင်း ဘာလော့တယ်လီ ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ တူရကီစူပါလိဂ်ကို တန်းတက်လာတဲ့ အသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အီတလီတိုက်စစ်မှူးဟာ အဒါနာဒီမာစပေါ် အသင်းအတွက် လိဂ်ပွဲ(၁၇)ပွဲပါ၀င်ကစားထားပြီး (၆)ဂိုးသွင်းယူ ထားတာပါ။ဘာလော့တယ်လီ ဟာ ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ ပြုမူတဲ့ အပြအမူတွေကြောင့် ခေါင်းကြီးပိုင်းတွေမှာ မကြာခဏဆိုသလို ပါလာတက်လာတာလည်းဖြစ်ပါတယ်။

အခုလည်း ဂါလာတာစာရေး ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ အခိုက်အတန့်ဟာ လူပြောများစရာဖြစ်လာခဲ့တာပါ။ အက်ဂွန်းဟာ ဂါလာတာစာရေး အသင်းဘက်ကိုဂိုးသွင်းပြီးတဲ့ အချိန်မှာ ဘာလော့တယ်လီ ဟာ ပေါ့ပေါ့ပါးပါးနဲ့ လမ်းလျှောက်လာခဲ့ပြီး အသင်းဖော်ရဲ့ ခေါင်းကို ကန်ကျောက်ခဲ့တာဖြစ်ပါတယ်။

အီတလီကစားသမားရဲ့ ကန်ချက်ဟာ အက်ဂွန်းရဲ့ ခေါင်းကို ထိခဲ့ပေမယ့် ဘာလော့တယ်လီ ဟာ ဘာမှမဖြစ်သလို ပုံစံမျိုးနဲ့ ထွက်ခွာသွားခဲ့တာပါ။ဘာလော့တယ်လီ ဟာ ဩဂုတ်လက ကစားခဲ့တဲ့ ပွဲမှာလည်း ဒုတိယပိုင်းရဲ့အစောပိုင်းမှာ လူစားလဲခံရလို့ စိတ်ပျက်လက်ပျက်နဲ့ အသင်းဖော်ကို လက်သီးနဲ့ထိုးခဲ့ပါသေးတယ်။

ဒါကလည်း ခေါင်းကြီးပိုင်း သတင်းအဖြစ် ဖော်ပြခံခဲ့ရတာပါ။အဒါနာဒီမာစပေါ် အသင်းဟာ ကွန်ညာစပေါ် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ ရာသီရဲ့ပထမဆုံးနိုင်ပွဲရဖို့ စိတ်အားထက်သန်နေတာကြောင့် ဘာလော့တယ်လီ ကို လူစားလဲခဲ့တာဖြစ်ပါတယ်။

ဘာလော့တယ်လီ ဟာ အရန်ခုံတန်းပေါ်မှာ ထိုင်ပြီး အော်ဟစ်ရင်း ဘေးနားမှာ ရှိတဲ့ ကစားသမားကို လက်သီးနဲ့ ထိုးခဲ့တာလည်းဖြစ်ပါတယ်။