ပွဲငတ်နေတဲ့ ယူနိုက်တက်ပရိသတ်တွေအတွက် သတင်းကောင်း

ယူနိုက်တက် ကစားသမားအများစု မနေ့က အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပြီး နယူးကာဆယ်နဲ့ ကစားမယ့်ပွဲအတွက် အဆင်သင့်ဖြစ်တော့မယ်လို့ ရပ်ရှ်ဖို့ဒ်က ဆိုလာပါတယ်။

မနေ့က ကာရင်တန်ကွင်းကို ရော်နယ်ဒိုအပါအဝင် ယူနိုက်တက်ကစားသမား တော်တော်များများ လာရောက် ပူးပေါင်းနိုင်ခဲ့တာဖြစ်ပြီး လာမယ့် အပတ်မှာ ကစားမယ့် နယူးကာဆယ်နဲ့ပွဲအတွက် ပြင်ဆင်နေကြတာပါ။

ယူနိုက်တက်ရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်တွေအရ ကစားသမားနဲ့ ဝန်ထမ်း စုစုပေါင်း (၁၉) ယောက် ကိုဗစ်ကူးစက်ခံခဲ့ရတယ်လို့ သိရပြီး ကစားသမားဘယ်နှယောက်နဲ့ ဘယ်သူတွေ ကူးစက်ခံခဲ့ရတယ်ဆိုတာတော့ သီးသန့် ကြေညာခဲ့ခြင်းမရှိပါဘူး။

အဲ့ဒါကြောင့် ယူနိုက်တက်အနေနဲ့ ဘရန့်ဖို့ဒ်၊ ဘရိုက်တန်တို့နဲ့ ကစားမယ့်ပွဲတွေကို ရွှေ့ဆိုင်းခဲ့ရပြီး လက်ရှိအချိန်မှာတော့ ကစားသမားအများစု လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပါတယ်။ ရပ်ရှ်ဖို့ဒ်ကလည်း “ကျနော်တို့တွေ အတူတကွ လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့ပါပြီ”

“ကျန်တဲ့ ကစားသမားတွေလည်း လာရောက်ပူးပေါင်းတော့မှာပါ။ ဒီတော့ ကျနော်တို့ အင်ပြည့်အားပြည့် ပြန်ဖြစ်တော့မှာပါ။ ဒါက ရှေ့လာမယ့် ရက်သတ္တပတ်တွေအတွက် အပေါင်းလက္ခဏာဆောင်တဲ့ ကိစ္စပါ” လို့ ပြောကြားသွားပါတယ်။

မနေ့က အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဥ်ကို ရန်းနစ်ဂ် အသစ်ခန့်အပ်ထားတဲ့ လက်ထောက်နည်းပြနဲ့ Analyst ဖြစ်တဲ့ အီဝမ်ရှပ်လည်း လာရောက်ခဲ့တယ်လို့ သိရှိရပါတယ်။

ရန်းနစ်ဂ်ဟာ အီဝမ်ရှပ်မတိုင်ခင်က သူနဲ့အတူ လက်တွဲခဲ့ဖူးတဲ့ ခရစ္စအာမက်စ်ကိုလည်း ရန်းနစ်ဂ်က သူ့ရဲ့နည်းပြအဖွဲ့ဝင်အဖြစ် ခေါ်ယူခဲ့ပါသေးတယ်။