ဘာကာကို ပြောင်းမယ့် ဖာရန်တောရက်စ် အတွက် ပျော်ရွှင်တယ်လို့ ပြောခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီး အသင်းတိုက်စစ်ကစားသမား ဖာရန်တောရက်စ် ဟာ ဘာစီလိုနာ ကို ပြောင်းဖို့ နီးစပ်နေပြီလို့ ဂွာဒီယိုလာ က အတည်ပြုခဲ့ပြီး သူ့အတွက် ပျော်ရွင်မိတယ်လို့ ပြောလိုက်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဖာရန်တောရက်စ် အတွက် မန်စီးတီး အသင်းကို ပြောင်းရွှေ့ကြေးယူရို(၅၅)သန်း အပါအဝင် နောက်ထပ်ယူရို(၁၀)သန်း ပေးချေပြီးခေါ်ယူဖို့ သဘောတူညီမှုရရှိထားတာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ မကြာသေးခင်က ဘဏ်ချေးငွေကြောင့် သူတို့ရဲ့ဘဏ္ဍာရေးကို ပြဿနာတွေရှိနေခဲ့တာပါ။

ဒါပေမယ့် စပိန်ကလပ်ဟာ ဖာရန်တောရက်စ် ကို ခေါ်ဖို့ အတွက်တော့ ငွေကြေးထောက်ပံ့ပေးနိုင်မှာလည်းဖြစ်ပါတယ်။ဂွာဒီယိုလာ က “သူထွက်ခွာချင်တယ်ဆိုရင် ဒါဟာ လုံးဝစိတ်ပျက်စရာမရှိပါဘူး။ဒါက သူ့ဆန္ဒပါ။သူ့အတွက် ပျော်ရွှင်မိပါတယ်”

“ခင်ဗျားအနေနဲ့ ဒီမှာ မပျော်ရင် ထွက်သွားပြီး တခြားနေရာသွားရင်တော့ ပျော်မယ်လို့ ယုံကြည်ပါတယ်။ကစားသမားဘဝက တိုတောင်းပါတယ်။ရီးရယ်လ် ဒါမှမဟုတ် ဘာကာ က ကစားသမားတွေကို တံခါးလာခေါက်ရင် နိုးလို့ ပြောဖို့ဆိုတာ ခက်ခဲပါတယ်”

“သူတို့ဟာ ဖက်ရှင်တွေ၊မြို့တွေနဲ့ အကြောင်းပြချက်များစွာတို့နဲ့ အတူ ကမ္ဘာပေါ်မှာ အတောင့်အတင်းဆုံး အသင်းတွေအဖြစ် ရှိနေကြတာပါ။ဖာရန်တောရက်စ် ဟာ စပိန်ကဖြစ်တဲ့အတွက် ဘာကာက တံခါးလာခေါက်တဲ့အချိန်မှာ သူဘာကြောင့် ထွက်ခွာချင်လဲဆိုတာ ကျွန်တော်နားလည်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဖာရန်တောရက်စ် ဟာ (၂၀၂၀) ဩဂုတ်က ဗလင်စီယာ ကနေ ပြောင်းရွှေ့လာခဲ့ပြီး မန်စီးတီး အတွက် (၄၃)ပွဲပါဝင်ကစားကာ (၁၆)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဖာရန်တောရက်စ် ဟာ မန်စီးတီး အသင်းအတွက် ရာသီအစ(၆)ပွဲလုံး ပွဲစတည်းက ပါဝင်ခွင့်ရခဲ့ပြီး စပိန်လက်ရွေးစင်အသင်းနဲ့ အတူ သွားရောက်ကစားရင်း ရခဲ့တဲ့ ခြေထောက်ဒဏ်ရာကြောင့် အခုအချိန်ထိ ပါဝင်မကစားနိုင်သေးတာဖြစ်ပါတယ်။