ရော်နယ်ဒိုကို မပြီးနိုင်၊ မစီးနိုင် ဖောင်းထုနေကြပြန်တဲ့ ဂျူဗင်တပ်စ် ဘက်တော်သားများ

ဂျူဗင်တပ်စ်နဲ့အီတလီတို့ရဲ့ ဂန္တဝင် ဂိုးသမားဟောင်းကြီး ဘူဖွန်က ရော်နယ်ဒို ဂျူဗင်တပ်စ်ကို ရောက်ရှိလာတာက အသင်းရဲ့ DNA ကို ပျက်စီးစေခဲ့တယ်လို့ ဝေဖန်ခဲ့ပြန်ပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၈) မှာ ဂျူဗင်တပ်စ်တို့ ရော်နယ်ဒိုကို ခေါ်ယူခဲ့ပြီး ချန်ပီယံလိဂ်ဖလားရယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြည်တွင်းမှာ ပုံမှန်ရနေကျ အမှတ်ပေးဖလားနဲ့ပါ လွဲချော်လာရပါတယ်။

လက်ရှိ ပါးမားမှာ ကစားနေတဲ့ ဘူဖွန်ကတော့ ရော်နယ်ဒိုရောက်လာတာနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောကြားခဲ့ပါတယ်။

ဘူဖွန်က “ဂျူဗင်တပ်စ်က ရော်နယ်ဒို ရောက်လာပြီး ပထမဆုံးနှစ်မှာ ချန်ပီယံလိဂ်ဖလားရဖို့ အခွင့်အရေးရှိခဲ့ပါတယ်။ အဲ့ဒီတုန်းက ကျနော် ပီအက်စ်ဂျီမှာပါ”

“နောက်တော့ သူတို့ ဘာဖြစ်သွားလဲ ကျနော် စဥ်းစားလို့တောင်မရပါဘူး။ ကျနော် ဂျူဗင်တပ်စ်ကို ပြန်လာတယ်၊ ရော်နယ်ဒိုနဲ့ နှစ်နှစ်လောက်အတူတွဲကစားဖြစ်ခဲ့တယ်၊ အကောင်းဆုံးလည်း လုပ်ပြနိုင်ခဲ့ပါတယ်”

“ဒါပေမယ့် ကျနော့် စိတ်ထင် ဂျူဗင်တပ်စ်က အသင်းလိုက် DNA ပျောက်ဆုံးသွားခဲ့ပါတယ်။ ကျနော်တို့ (၂၀၁၇) မှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရောက်တယ်လေ။ အဲ့ဒီတုန်းက အသင်းက အတွေ့အကြုံအပြည့်ရှိတဲ့ အသင်းပါ”

“အရမ်းလည်း တောင့်တင်းခဲ့ပေမယ့် ကျနော်တို့ဒါတွေကို ရော်နယ်ဒို ရောက်လာတာနဲ့ အတူ ဆုံးရှုံးခဲ့ရပါတယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ပြန်လည် ပြောင်းရွှေ့လာခဲ့ပြီး အပြောင်းအရွှေ့ ပိတ်ခါနီးမှ ရုတ်တရက် အသင်းပြောင်းခဲ့တဲ့အပေါ်မှာလည်း ဂျူဗင်တပ်စ်ဘက်တော်သားတွေက ရော်နယ်ဒိုအပေါ် အမြင်မကြည်ဖြစ်နေကြဆဲပါ။