အချိုရည်ဖလားကို ဘာလို့ဝိုင်းလုနေကြတာလဲလို့ မသိမသာဖြုတ်လိုက်တဲ့ ရန်းနစ်ဂ်

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က ပရီးမီးယားလိဂ်အသင်းတွေအနေနဲ့ ကျပ်တည်းလွန်းတဲ့ ပွဲစဥ်ဇယားတွေကြောင့် ကာရာဘောင်ဖလားကို လက်လွှတ်ခံသင့်တဲ့အကြောင်း သွယ်ဝိုက်ပြောကြားလာပါတယ်။

ယူနိုက်တက်ဟာ ရန်းနစ်ဂ် မရောက်လာခင်တည်းက ဝက်စ်ဟမ်းကို ရှုံးနိမ့်ပြီး ကာရာဘောင်ဖလားက ထွက်ခွာခဲ့ရပြီးတဲ့ အသင်းပါ။

လက်ရှိအချိန်မှာတော့ ဒီပြိုင်ပွဲက ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိနေပြီး ဒီအဆင့်မှာ အာဆင်နယ်၊ လီဗာပူး၊ စပါးနဲ့ ချဲလ်ဆီးတို့ ပါဝင်နေဆဲဖြစ်ပါတယ်။

ပုံမှန်အားဖြင့် လိဂ်ဖလားတလုံးသာသာပဲဆိုပေမယ့် အချို့အသင်းတွေကတော့ ဂုဏ်သိက္ခာအတွက် ဒီဖလားကို အားမလျှော့ဘဲ ကစားနေကြဆဲပါ။

အဲ့ဒါကြောင့်လည်း ရန်းနစ်ဂ်က “အင်္ဂလန်က ပြည်တွင်းဖလား နှစ်လုံး ကန်ခိုင်းတဲ့ တခုတည်းသော ထိပ်တန်းလိဂ်ပါ။ ကျနော်တို့ ဒီကိစ္စအတွက် စကားပြောပြီး ဆွေးနွေးဖို့ လိုအပ်ပါတယ်”

“လိဂ်ဖလားက တတိယတန်းနဲ့ စတုတ္ထတန်းက အသင်းတွေရဲ့ ဘဏ္ဍာရေးတိုးတက်ဖို့အတွက် ရှိသင့်တာဟုတ်ပါတယ်။ ဒါပေမယ့် ပွဲကျပ်တွေ ဒီလောက်များနေချိန်မှာ ဒါက ဆွေးနွေးစရာကိစ္စဖြစ်လာပါပြီ”

“နောက်တခုက အက်ဖ်အေဖလားနဲ့ ပြန်ကန်ပွဲတွေပါ။ အခုတော့ အပြောင်းအလဲတွေလုပ်ထားပြီး ဒါက ကောင်းမွန်တဲ့အရာပါ။ အခြားနိုင်ငံတွေမှာဆိုရင် ပြန်ကန်ပွဲ လုံးဝမရှိပါဘူး” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။