မာရှယ်နဲ့ သူ့ရဲ့အသင်းဖော်ကိုပါ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ စပိန်ကလပ်

ဆီဗီလာ အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား မာရှယ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေသလို ကာဗာနီ ကိုပါ ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဆီဗီလာအသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အယ်လ်ဟတ်ဒီဒီနဲ့ ယိုဆက်ဗ် တို့(၂)ဦးဟာ မော်ရိုကိုနဲ့ အာဖရိကဖလား ယှဉ်ပြိုင်ရမှာဖြစ်တဲ့ အတွက် စပိန်ကလပ်ဟာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

မာရှယ်နဲ့ ကာဗာနီ တို့(၂)ဦးလုံးဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် အသင်းကနေ ထွက်ခွာချင်နေတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဆန်ချို တို့ကို ခေါ်ယူခဲ့တာပါ။

ဒါ့အပြင် ရက်ရှ်ဖိုဒ့်နဲ့ ဂရင်းဝုဒ် တို့ကလည်း တိုက်စစ်နေရာအတွက် ပြိုင်ဆိုင်မှုပြင်းထန်နေတာဖြစ်ပါတယ်။အဲ့ဒါကြောင့် မာရှယ် ကတော့ ဇန်နဝါရီမှာ အသင်းကနေ အငှားနဲ့ ထွက်ခွာဖို့ သေချာသလောက်ရှိနေတာပါ။ကာဗာနီ ကလည်း ပွဲကစားခွင့်နည်းပါးနေတာကြောင့် မပျော်မရွှင်ဖြစ်နေတာဖြစ်ပါတယ်။

စပိန်သတင်းစာ မွန်ဒိုဒီပို့တီဗို ကတော့ ကာဗာနီ ဟာ ဘာစီလိုနာ အသင်းမှာ ကစားပြီး ဥရောပမှာ ကစားတာကို အဆုံးသတ်ဖို့ အိမ်မက်မက်နေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ဘာစီလိုနာ အသင်းကလည်း ကာဗာနီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဆီဗီလာ အသင်းဟာ ကတ်တလန်ကလပ်နဲ့ ပြိုင်ဆိုင်ရဖွယ်ရှိနေတာပါ။

ဆီဗီလာ အသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲရဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ ရီးရယ်လ် နဲ့ (၈)မှတ်ကွာဟနေပေမယ့် ပွဲကစားဖို့ (၁)ပွဲကျန်ရှိနေတာလည်းဖြစ်ပါတယ်။

ဆီဗီလာ နည်းပြ လိုပီတီဂွီ ကတော့ ရီးရယ်လ် အသင်းကို လာလီဂါ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်ဖို့ တိုက်စစ်ပိုင်းကို အားဖြည့်ချင်နေတာကြောင့် မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား(၂)ဦးကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။