အစကတော့ အမ်ဘာပေဆို၊ အခုတော့ ဘယ်ကကောင်ကြီးဖြစ်သွားတာတုန်းဆိုပြီး ကာဆယ်ပရိသတ်တွေကြေကွဲ

နယူးကာဆယ်ဟာ လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် အတွေ့အကြုံရှိ တိုက်စစ်မှူး အီဂါလိုကိုခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။

ဒီကစားသမားဟာ ဝက်ဖို့ဒ်အပြင် ယူနိုက်တက်မှာပါ ကစားခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ ဆော်ဒီကလပ် အယ်လ်ရှာဘတ်မှာ ကစားနေပါတယ်။ 

နယူးကာဆယ်ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၁၉) နေရာမှာ ရပ်တည်နေပြီး လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့မှာ မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှုတွေ မလုပ်နိုင်ခဲ့ရင် ရာသီကုန်မှာ တန်းဆင်းသွားရနိုင်ပါတယ်။

အီဂါလို ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ကို ပြန်လာဖို့ စိတ်ကူးရှိနေပြီး နယူးကာဆယ်သာ အမှန်တကယ် ကမ်းလှမ်းခဲ့မယ်ဆိုရင် ဒီအပြောင်းအရွှေ့ကဖြစ်လာနိုင်ခြေရှိပါတယ်။

ဒါပေမယ့် နယူးကာဆယ် ပရိသတ်တွေကတော့ ဒီအပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေကြပါပြီ။ ပရိသတ်တွေက “အမ်ဘာပေကနေ စလိုက်တာ အခုဆို အီဂါလိုတောင်ဖြစ်သွားပြီလား?” “သူတို့ကိုကြည့်ရတာ ရာသီကုန်မှာ တန်းဆင်းသွားချင်တဲ့ပုံပဲ” လို့ ဝေဖန်နေကြပါတယ်။

ဒါ့အပြင် “ငါကတော့ အီဂါလိုရှိသေးတယ်ဆိုတာတောင် မေ့နေပြီကွာ” လို့ ရေးသားဝေဖန်မှုတွေလည်းရှိနေပါတယ်။ ဒီကြားထဲမှာမှ ယူနိုက်တက်ပရိသတ်တယောက်က “နောက်ဆုံးတော့ ဘုရင်ကြီးတပါးက ပရီးမီးယားလိဂ်ကို ပြန်လာတော့မှာပဲ” လို့ ဝင်ရောက် ရေးသားသွားပါသေးတယ်။

နယူးကာဆယ်ကို ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆာလ်မန် ဝယ်ပြီးပြီးချင်း နာမည်ကြီးခေါ်ယူမှုတွေ ပြုလုပ်လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အခုချိန်မှာတော့ ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်နေခဲ့ပါပြီ။