ယူနိုက်တက်က စိတ်ဝင်စားပါတယ်ဆိုမှ အခါကြီးရက်ကြီးမှာ ချေမိုးလိုက်တဲ့ အင်္ဂလန်ကြယ်ပွင့်

လိဒ်စ်ရဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ကဲလ်ဗင်ဖီးလစ်ကို ယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒီကစားသမားဟာ အချိန်တိုအတွင်း တောက်ပလာတဲ့ ကစားသမားဖြစ်ပြီး ယူရိုပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်မှာလည်း ပါဝင်ခွင့်ရခဲ့သူပါ။

သူ့ကိုခေါ်ယူဖို့ ယူနိုက်တက်အပြင် လီဗာပူးကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမယ့် အသက် (၂၆) နှစ်အရွယ် ဒီကစားသမားကတော့ သူ့ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။

ကဲလ်ဗင်ဖီးလစ်က “ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို ရောက်လာတယ်၊ ပြီးတော့ အင်္ဂလန်မှာ နေရာရလာတယ်။ ဒီအရာတွေက ကျနော့်ကို မျက်စိပွင့် နားပွင့်ဖြစ်စေပါတယ်”

“နောက်ပြီး ကျနော်လုပ်နိုင်တယ်ဆိုတာကိုလည်း သတိထားမိစေပါတယ်။ အရာရာတိုင်းက အတူတကွ ရောက်ရှိလာခဲ့တာပါ။ အလုပ်ကြိုးစားတာက ကျနော် ရောက်စေချင်ခဲ့တဲ့ နေရာကို ရောက်လာစေပါတယ်”

“ကျနော် အခုချိန်မှာတော့ ကြံ့ခိုင်မှုပြည့်ဝဖို့ကိုပဲ အာရုံစိုက်ထားပါတယ်။ ဒါပေမယ့် ကျနော် အသင်းပိုင်ရှင်နဲ့ စကားပုံမှန်ပြောဖြစ်ပြီး လိဒ်စ်နဲ့ စာချုပ်သစ် ချုပ်ချင်သလို ဒီအသင်းမှာပဲ ကျနော် ပျော်ရွှင်နေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ကဲလ်ဗင်ဖီးလစ်ဟာ လက်ရှိအချိန်မှာ တံကောက်ကြောဒဏ်ရာရရှိနေတာဖြစ်ပြီး သူမပါဝင်တဲ့ လိဒ်စ်က နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေဆိုးရွားနေပြီး ဂိုးပြတ်ရှုံးပွဲတွေ များပြားနေတာကိုလည်း မြင်တွေ့နေရပါတယ်။