ယူနိုက်တက်ကိုတင်မဟုတ်ဘူး၊ ပရီးမီးယားလိဂ်ကိုပါ ပြုပြင်ပြောင်းလဲမယ် တကဲကဲလုပ်နေတဲ့ ရန်းနစ်ဂ်

ယူနိုက်တက် နည်းပြ ရန်းနစ်ဂ်က ပရီးမီးယားလိဂ်အနေနဲ့ ကစားသမား (၅) ယောက်အထိ လူစားလဲခွင့်ပြုသင့်တယ်လို့ အကြံပြုပြောကြားလိုက်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်မှာ ကလပ်အသင်းတွေ ကိုဗစ်ကူးစက်မှုဒဏ်ကို တောက်လျှောက်ခံစားနေရတာဖြစ်ပြီး ယူနိုက်တက်ဆိုရင်လည်း ပွဲကစားနိုင်တဲ့ ကစားသမား (၉) ယောက်သာ ကျန်ရှိခဲ့တာကြောင့် ဘရန့်ဖို့ဒ်၊ ဘရိုက်တန်တို့နဲ့ ပွဲတွေကို ရွှေ့ဆိုင်းခဲ့ရတာပါ။

ပြီးခဲ့တဲ့ ကိုဗစ်ပထမလှိုင်းအတွင်း ပရီးမီးယားလိဂ်မှာ လူစားလဲမှု (၅) ယောက် ခွင့်ပြုခဲ့ပေမယ့် ဒီရာသီမှာတော့ ပုံမှန်အတိုင်း (၃) ယောက်သာ ခွင့်ပြုထားပါတယ်။ ဒီအပေါ်မှာတော့ ရန်းနစ်ဂ်က အခုလိုပဲ မှတ်ချက်ပေးလာခဲ့တာပါ။

ရန်းနစ်ဂ်က “ကိုဗစ်စတုန်းက လူစားလဲမှု (၅) ယောက်ခွင့်ပြုခဲ့ပါတယ်။ ဒါမှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ကျနော်ထင်ပါတယ်။ ကစားသမားတွေအတွက် အင်အားချွေတာရာရောက်ပါတယ်။ အထူးသဖြင့် သူတို့တွေ ကိုဗစ်က ပြန်လည်သက်သာလာချိန်မှာပေါ့”

“အခုလည်း ဒီလိုပဲ ဖြစ်သင့်ပါတယ်။ ကျနော်တို့က လွန်ခဲ့တဲ့တနှစ်ခွဲကလို အခြေအနေမျိုးနဲ့ အတူတူပါပဲ။ ကျနော် သိသလောက် ပြောရရင် ဥရောပမှာ အင်္ဂလန်က လူစားလဲမှု (၃) ခုပဲ ခွင့်ပြုတဲ့ တခုတည်းသော နိုင်ငံပါ”

“ကျနော်ကတော့ လူစားလဲမှု (၅) ယောက်ခွင့်ပြုဖို့ကို ပိုသဘောကျပါတယ်။ ကစားသမား တော်တော်များများလည်း ဒါကို သဘောကျပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း လူစားလဲမှု (၃) ခုသာ ခွင့်ပြုခဲ့တဲ့အပေါ် ဝေဖန်ထားပြီး အခုချိန်မှာတော့ ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်ကပါ ဝေဖန်လာခဲ့တာဖြစ်ပါတယ်။