(၂၀၂၁) ရဲ့ အကောင်းဆုံး အပြောင်းအရွှ့အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ ရော်နယ်ဒို

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ (၂၀၂၁) ရဲ့ အကောင်းဆုံး ကစားသမားခေါ်ယူမှုဖြစ်တယ်လို့ အာဆင်နယ် ဂန္တဝင်ဂိုးသမားကြီး ဒေးဗစ်ဆီးမင်းက ဆိုပါတယ်။

ရော်နယ်ဒိုဟာ နွေရာသီ အပြောင်းအရွှေ့ပိတ်ဖို့ ရက်ပိုင်းအလိုကမှ ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ရုတ်တရက် ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့အတွက် ယူနိုက်တက်က ယူရိုသန်း (၂၀) ဝန်းကျင်သာ အသုံးပြုခဲ့ရတာပါ။

ရော်နယ်ဒိုဟာ အသက် (၃၆) နှစ်ရှိပြီဖြစ်ပေမယ့် အသင်းနဲ့ တကျော့ပြန်ပွဲဦးထွက်မှာတင် နှစ်ဂိုး သွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ယူနိုက်တက်ကို အကြိမ်ကြိမ်ကယ်တင်ခဲ့ပြီး ဝင်ကစားခဲ့တဲ့ ပွဲစဥ် (၅) ပွဲလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့သေးတာပါ။

အဲ့ဒါကြောင့်လည်း ဒေးဗစ်ဆီးမင်းက “ကျနော့်အတွက် ဒီနှစ် အကောင်းဆုံး ခေါ်ယူမှုက ရော်နယ်ဒိုပါပဲ။ ယူနိုက်တက်ကို သူပြန်ရောက်လာတဲ့အချိန်မှာ ကျနော် အရမ်းကို ပျော်ရွှင်မိပါတယ်”

“ဘာလို့လဲဆိုတော့ ဒါက ပြီးပြည့်စုံတဲ့ အပြောင်းအရွှေ့မို့လို့လေ။ သူက နာမည်ကြီးတယောက်အနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာခဲ့တာပါ”

“အခုချိန်ထိလည်း တကယ့်စမ်းသပ်မှုတွေနဲ့ သူ ရင်ဆိုင်နေရဆဲပါ။ အဲ့ဒီတော့ ဒီရာသီအတွက် အကောင်းဆုံးခေါ်ယူမှုဆုကိုတော့ ကျနော် ရော်နယ်ဒိုကိုပဲ ပေးချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့အတူ မက်ဆီလည်း ပြီးခဲ့တဲ့နွေရာသီမှာ တိုက်တိုက်ဆိုင်ဆိုင် အသင်းပြောင်းခဲ့ပြီး မက်ဆီကတော့ ပီအက်စ်ဂျီမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။