(၂၀၂၁) အတွက် ရှော့ခ်အရိုက်ဆုံးဖြစ်ရပ်မှာ ထိပ်ဆုံးက ဦးဆောင်သွားတဲ့ မက်ဆီ

ပီအက်စ်ဂျီ တိုက်စစ်ကစားသမား မက်ဆီတယောက် ပြစ်ဒဏ်ဘောကိုလှဲအိပ်ကာကွယ်ပေးမှုက (၂၀၂၁) ဘောလုံးလောကရဲ့ ရှော့ခ်အရိုက်ဆုံးဖြစ်ရပ်တခုအနေနဲ့ သတ်မှတ်ခံခဲ့ရပါတယ်။

ပီအက်စ်ဂျီနဲ့ မန်စီးတီးတို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု ပွဲစဥ် ပထမအကျော့ အိမ်ကွင်းပွဲမှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီပွဲမှာ အိမ်ရှင် ပီအက်စ်ဂျီက ဂွေယီ၊ မက်ဆီတို့ရဲ့ ဂိုးတွေနဲ့အတူ မန်စီးတီးကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပွဲကစားချိန် ဒုတိယပိုင်းမှာ ပီအက်စ်ဂျီ ပင်နယ်တီဧရိယာထိပ်မှာ ပြစ်ဒဏ်ဘော ပေးခဲ့ရပြီး ဒီပြစ်ဒဏ်ဘောအတွက် လူတံတိုင်းနောက်မှာ လှဲအိပ်ကာကွယ်ပေးမယ့်လူ လိုအပ်ခဲ့တာပါ။

အဲ့ဒီအတွက် ပီအက်စ်ဂျီအသင်းခေါင်းဆောင် မာကွင်ဟိုစ်က မက်ဆီကို ဒီလို ကာကွယ်ပေးဖို့ ညွှန်ကြားခဲ့ပြီး မက်ဆီကလည်း မဆိုင်းမတွနဲ့ပဲ အသင်းအတွက် ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီပွဲအပြီးမှာ မက်ဆီရဲ့ ဒီဖြစ်ရပ်က တော်တော်လေး ဟိုးလေတကျော်ဖြစ်ခဲ့ရပြီး မက်ဆီအပေါ် ချီးကျူးမှုအများအပြားရှိခဲ့သလို မက်ဆီကို ဒီလိုလုပ်ခိုင်းခဲ့တဲ့ ပီအက်စ်ဂျီအပေါ်ကိုလည်း ဝေဖန်မှုတွေ ရှိခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် အခုကိစ္စက (၂၀၂၁) အတွက် ရှော့ခ်အဖြစ်ရဆုံး ဖြစ်ခဲ့ပါပြီ။ ဒါ့အပြင် အဲ့ဒီပွဲမှာ သွင်းယူခဲ့တဲ့ မက်ဆီရဲ့ သွင်းဂိုးကလည်း ပီအက်စ်ဂျီ ကစားသမားဘဝ ပထမဆုံးဂိုးဖြစ်ခဲ့သလို ချန်ပီယံလိဂ်အုပ်စုအဆင့်ရဲ့ အလှပဆုံး သွင်းဂိုးတဂိုးအဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။