ဘယ်သူမှ ထငြင်းရဲမှာမဟုတ်တဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းကို ရော်နယ်ဒိုဖွင့်ဟ

ဘရာဇီး ဂန္တဝင်တိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ တခေတ်တခါတုန်းက မြက်ခင်းစိမ်းပေါ်မှာ ပြိုင်ဘက်နောက်ခံလူတွေနဲ့ ဂိုးသမားတွေ ကြောက်လန့်ရတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ဒူးဒဏ်ရာက ကစားသမားဘဝ နေဝင်ချိန်ကို စောလွန်းစေခဲ့ပြီး ပရိသတ်တွေအတွက် နှမြောစရာကောင်းနေဆဲပါပဲ။ တဖက်မှာလည်း ရော်နယ်ဒိုက ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ရော်နယ်ဒိုကြီးကတော့ အင်တာဗျူးတခုမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား (၄) ယောက်စာရင်းကို ရွေးထုတ်ပေးခဲ့ပြီး အဲ့ဒီအထဲမှာ သူကိုယ်တိုင်ရဲ့ နာမည်တော့ မပါဝင်ခဲ့ပါဘူး။

ရော်နယ်ဒိုကြီးက “ကျနော့်အတွက် သမိုင်းတလျှောက် အကောင်းဆုံး (၄) ယောက်က ပီလီ၊ မာရာဒိုနာ၊ မက်ဆီနဲ့ ရော်နယ်ဒိုတို့ပါပဲ။ သူတို့က ဘောလုံးသမိုင်းရဲ့ ထိပ်တန်းကစားသမား (၄) ယောက်ပါပဲ”

“ခရစ္စတီယာနို ရော်နယ်ဒိုအတွက်တော့ ကျနော်က တကယ့် ရော်နယ်ဒိုအစစ်ဆိုတဲ့အကြောင်းတွေကို ကြားရတာ ပျင်းဖို့ ကောင်းနေမှာ သေချာပါတယ်။ သူ သွင်းယူခဲ့တဲ့ ဂိုးတွေ၊ စွမ်းဆောင်ရည်တွေအတွက် ဘောလုံးသမိုင်းမှာ သူက ကျန်ရစ်နေဦးမှာပါ”

“နောက်ပြီး သူက မက်ဆီလိုမျိုးပဲ အကောင်းဆုံးတွေထဲက တယောက်အဖြစ် ရှိနေဆဲပါ” လို့ ပြောကြားသွားခဲ့ပါတယ်။