ပိုက်ဆံမသုံးဘူးဆိုပြီးပြောနေလို့ ဇန်နဝါရီမှာလည်း လူထပ်ခေါ်ဦးမယ်လို့ ပြောလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာလည်း ငွေကြေးသုံးစွဲပြီး ကစားသမားသစ်တွေ ထပ်ခေါ်ယူသွားဦးမယ်လို့ အာဆင်နယ် အသင်းနည်းပြ အာတီတာ က အရိပ်အမြွက်ပြောလိုက်ပါတယ်။ အာဆင်နယ် အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လာကာဇတ်တီနဲ့ အန်ကိတ်တီယာ တို့ဟာ စာချုပ်သက်တမ်း(၆)လထဲကို ၀င်ရောက်နေပြီဖြစ်ပါတယ်။

ဒါ့အပြင် အူဘာမီယန်းရဲ့ အနာဂတ်ကလည်း အသင်းမှာ မရေမရာဖြစ်နေတာပါ။အဲ့ဒါကြောင့် အာဆင်နယ် အသင်းဟာ အခုလာမယ့် အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ တိုက်စစ်ပိုင်းအတွက် အဲဗာတန် တိုက်စစ်မှူး ကလာဗတ်လီ၀န်၊ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ်နဲ့ ဆီဗီလာတိုက်စစ်မှူး အယ်လ်နက်ဆရီ တို့ကို ပစ်မှတ်ထားနေတာပါ။အာတီတာ ကိုယ်တိုင်က အာဆင်နယ် အသင်းဟာ ဆောင်းရာသီစျေးကွက်ထဲ ၀င်ရောက်နိုင်တယ်လို့ ပြောထားတာဖြစ်ပါတယ်။

အာတီတာ က “ဒီကာလကို လိုအပ်တာတွေကို ပြောင်းလဲပြုပြင်နိုင်ရင် လွယ်တော့မလွယ်ပေမယ့် တကယ်ကို အထောက်အကူဖြစ်မှာပါ။ကျွန်တော်တို့ တက်နိုင်တဲ့ လိုအပ်တာတွေကြည့်ဖို့ လုပ်ဆောင်နေပါတယ်။ပြီးတော့ မှန်ကန်တဲ့ အဖြေကိုရှာနိုင်မလားပေါ့”ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေအပါအ၀င် ကာရာဘောင်းဖလား ပြိုင်ပွဲမှာလည်း ရလဒ်ကောင်းတွေ ရယူနေတာဖြစ်ပါတယ်။အဲ့ဒါကြောင့် အာဆင်နယ် အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့်(၄)နေရာမှာ ရပ်တည်နေတာပါ။

အာဆင်နယ် အသင်းဟာ အူဘာမီယန်း မပါ၀င်နိုင်တဲ့ အချိန်မှာ လာကာဇတ်တီ၊ဆာကာနဲ့ မာတင်နယ်လီ တို့ အတွဲအဖက်ဟာ ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူနေတာဖြစ်ပါတယ်။အာဆင်နယ် အသင်းဟာ ဆာကာ ကို (၂၀၂၇)အထိ ရှိမယ့် စာချုပ်သစ်ချုပ်ဖို့ ပြင်နေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

အာဆင်နယ် အသင်းဟာ ဂျုဗင်တပ်စ် အသင်းရဲ့ ကစားသမား(၃)ဦးဖြစ်တဲ့ ကစားသမားဟောင်း ရမ်ဆေး အပါအ၀င် အာသာ နဲ့ ကူလူဆက်ဗ်စကီး တို့ကို ခေါ်ယူဖို့လည်း ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။