EPL ပြက္ခဒိန်တနှစ်အတွင်း ပင်နယ်တီသွင်းဂိုးအများဆုံးကစားသမားဖြစ်ခဲ့တဲ့ ဂျော်ဂျင်ဟို

ဂျော်ဂျင်ဟို ကတော့ ချယ််လ်ဆီး အသင်းက အက်စတွန်ဗီလာ ကိုအနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ပင်နယ်တီကနေ သွင်းဂိုး(၂)ဂိုးသွင်းယူပြီးနောက် ပရီးမီးယားလိဂ် သမိုင်းတလျှောက် ပြက္ခဒိန်တနှစ်အတွင်း ပင်နယ်တီသွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ဂျော်ဂျင်ဟို ဟာ (၂၀၂၁) ခုနှစ်အတွင်းမှာ ချယ်လ်ဆီး အသင်းအတွက် ပင်နယ်တီကနေ သွင်းဂိုး(၁၀)ဂိုးအထိ ရယူပေးနိုင်ခဲ့ပြီး အခုလို စံချိန်သစ်တရပ်ကို တင်နိုင်ခဲ့တာပါ။

အရင်က ပရီးမီးယားလိဂ်ရဲ့ပြက္ခဒိန်တနှစ်အတွင်း ပင်နယ်တီသွင်းဂိုးအများဆုံး ကစားသမားတွေကတော့ လီတစ်ဆီယာနဲ့ စတီဗင်ဂျရတ် တို့ဖြစ်ပါတယ်။သူတို့(၂)ဦးလုံးဟာ (၉)ဂိုးစီ သွင်းယူထားပြီးစံချိန်တင်ထားခဲ့တာကို ဂျော်ဂျင်ဟို က ကျော်ဖြတ်ပြီး စံချိန်သစ်ပါ တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းကလည်း ဒီမနက်က ပွဲမှာ ဂျော်ဂျင်ဟို ရဲ့ပင်နယ်တီ(၂)ဂိုး၊လူကာကူရဲ့ သွင်းဂိုး(၁)ဂိုးကြောင့် အက်စတွန်ဗီလာ အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ချယ်လ်ဆီး အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့တာကို ဒီပွဲမှာ အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီပွဲမှာ ချယ်လ်ဆီး အတွက် ဂိုးပြန်သွင်းနိုင်ခဲ့တဲ့ လူကာကူ ဟာ စက်တင်ဘာ(၁၁)ရက်နောက်ပိုင်း သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးလည်း ဖြစ်ခဲ့တာပါ။

ချယ်လ်ဆီး အသင်းဟာ ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးနေရာက မန်စီးတီး အသင်းကို (၆)မှတ်အကွာနဲ့ အဆင့်(၃)နေရာကနေ ဆက်ဖိအားပေးနေတာဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ဒီဇင်ဘာ(၃၀)မှာတော့ ဘရိုက်တန် အသင်းကို အိမ်ကွင်းမှာဧည့်ခံပြီး (၂၀၂၁) ကို နှုတ်ဆက်မှာလည်းဖြစ်ပါတယ်။