ဘယ်သူကမှ မင်းကိုမလိုချင်လို့ အပြောင်းအရွှေ့ကို မေ့လိုက်လို့ မာရှယ်ကို ပြောခဲ့တဲ့ ရက်ဂ်နစ်

မန်ချက်စတာယူနိုက်တက် အသင်းတိုက်စစ်ကစားသမား မာရှယ် ဟာ ယာယီနည်းပြ ရက်ဂ်နစ်ကို အသင်းက ထွက်ခွာချင်တယ်လို့ ပြောထားတာကို ဘီဘီစီ သတင်းက ဖော်ပြလိုက်ပါတယ်။ရက်ဂ်နစ် က မာရှယ်နဲ့ ဗုန္ဓဟူးနေ့ က စကားအကြာကြီးပြောခဲ့ပြီး ကစားသမားက အပြောင်းအလဲလုပ်ဖို့ အချိန်တန်ပြီလို့ ပြောခဲ့ပါတယ်။

မာရှယ် ဟာ ဒီရာသီမှာ အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၂)ပွဲသာပွဲစတည်းက ပါ၀င်ခွင့်ရခဲ့ပြီး (၁)ဂိုးသွင်းယူထားတာပါ။ကစားသမားကတော့ အသင်းက ထွက်ခွာဖို့ ဆန္ဒပြင်းပြနေပေမယ့် သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေမရသေးဘူးလို့ နည်းပြက အတည်ပြုခဲ့ပါတယ်။

မာရှယ်ရဲ့ အေးဂျင့်ဖြစ်သူ လမ်ဘိုလေး က ကစားသမားဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာချင်နေပြီး ကလပ်အသင်းနဲ့ မကြာခင်စကားပြောဆိုသွားမယ်လို့ ပြောထားတာဖြစ်ပါတယ်။ရက်ဂ်နစ် က “မာရှယ် က သူဟာ ယူနိုက်တက်အသင်းမှာ လွန်ခဲ့တဲ့(၇)နှစ်တည်းက ရှိခဲ့တာဖြစ်ပြီး အခြားတနေရာကို သွားဖို့အတွက် အပြောင်းအလဲလုပ်ဖို့အချိန်တန်ပြီလို့ ခံစားနေရကြောင်းရှင်းပြခဲ့တယ်”လို့ ဆိုခဲ့တာပါ။

မာရှယ် ဟာ (၂၀၁၅)က မိုနာက်ို ကနေ ပေါင်(၃၆)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ဆယ်ကျော်သက်ကစားသမားတွေထဲမှာ ကမ္ဘာ့စျေးအကြီးဆုံးဘောလုံးသမားဖြစ်ခဲ့ပါတယ်။မာရှယ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၂၆၈)ပွဲပါ၀င်ကစားကာ (၇၉)ဂိုးသွင်းယူထားတာပါ။

ဒါပေမယ့် အသင်းကို ကာဗာနီ၊ဆန်ချိုနဲ့ ရော်နယ်ဒို တို့ရောက်လာပြီးနောက်ပိုင်း ကစားခွင့်ဆုံးရှုံးခဲ့တာကြောင့် စိတ်ပျက်နေခဲ့တာလည်းဖြစ်ပါတယ်။ပြင်သစ်ကစားသမားဟာ ရက်ဂ်နစ်လက်အောက်မှာလည်း တပွဲမှ ပါ၀င်ကစားရခြင်းမရှိသေးတာဖြစ်ပြီး ဒီရာသီပြိုင်ပွဲစုံ(၁၀)ပွဲသာ ပါ၀င်ကစားထားရတာပါ။

ရက်ဂ်နစ် က “ဒါတွေကို ကျွန်တော်နားလည်ပါတယ်။သူ့အတွေးကို သိပေမယ့် တဖက်မှာလည်း ကလပ်ရဲ့ အခြေအနေကိုကြည့်ရပါမယ်။ကျွန်တော်တို့မှာ ကိုဗစ်ကာလတွေရှိပါတယ်။ကျွန်တော်တို့ဟာ ရည်မှန်းချက် ကြီးကြီးမားမားနဲ့ ပြိုင်ပွဲ(၃)ခုမှာ အောင်မြင်မှုတွေရယူချင်ပါတယ်”

“ကျွန်တော်သိရသလောက်တော့ အခြားကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေမရသေးပါဘူး။အဲ့ဒါကြောင့် အခုအခြေအနေတိုင်းပဲ ဒီမှာပဲ ဆက်ရှိနေမှာပါ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။