အသင်းငယ်ကို ငါးဂိုးပြတ်နိုင်ချိန်မှာ ဒင်ဟိုစတိုင်တွေ ထလုပ်ပြလို့ ထောင်းခံထိနေတဲ့ ချာကာ

အာဆင်နယ် ကွင်းလယ်လူ ချာကာဟာ နော့ဝစ်ချ်ကို အနိုင်ရရှိခဲ့တဲ့ ဘောက်ဆင်းဒေးပွဲမှာ အငြင်းပွားစရာ လုပ်ရပ်တခုကို ကွင်းအတွင်းမှာ လုပ်ဆောင်ခဲ့ပါတယ်။

ဒီပွဲမှာ အာဆင်နယ်က ဆာကာရဲ့သွင်းဂိုးနှစ်ဂိုးအပါအဝင် တီယာနေး၊ လာကာဇက်နဲ့ စမစ်ရိုးတို့ရဲ့ ဂိုးတွေနဲ့ အဝေးကွင်းမှာ ငါးဂိုးပြတ်နဲ့ သက်သောင့်သက်သာ အနိုင်ရရှိခဲ့တာပါ။

ပွဲချိန်အတွင်း ဖိအားမရှိချိန်မှာတော့ ချာကာတယောက် ဘောလုံးထိန်းတဲ့နေရာမှာ သူများပြောစရာဖြစ်အောင် ထိန်းပြခဲ့ပြီး အကြောင်းပြချက်မရှိဘဲ တယောက်တည်း လှည့်ပြတ်ပြခဲ့ပါတယ်။

ချာကာရဲ့ ဘောလုံးထိန်းတဲ့ပုံစံက ရော်နယ်ဒင်ဟိုစတိုင်ဖြစ်ပြီး ချာကာရဲ့ အမူအရာကို ပွဲအပြီးမှာ ပရိသတ်တွေက မျိုးစုံ မှတ်ချက်ပေးခဲ့တာပါ။

အချို့ကတော့ ချာကာရဲ့ လုပ်ရပ်က လေးစားမှုမရှိတဲ့လုပ်ရပ်လို့ဆိုနေကြပြီး အချို့ကတော့ ချာကာရဲ့ လုပ်ရပ်အပေါ် ရယ်စရာအဖြစ်သာ ဝမ်းသာအားရရှိနေကြပါတယ်။

ချာကာဟာ လိဒ်စ်ကို အနိုင်ရရှိခဲ့တဲ့ အဝေးကွင်းပွဲစဥ်မှာလည်း ပြိုင်ဘက် ကစားသမား ရာဖင်ဟာကို ခပ်ကြမ်းကြမ်း ကစားခဲ့ပြီး အနီကတ်မထိခဲ့တဲ့နောက် ဒိုင်လူကြီးကို ရယ်ပြနေတဲ့ပုံစံက ပရိသတ်တွေအကြား ပြောစရာဖြစ်ခဲ့သေးတာပါ။

အာဆင်နယ်ဟာ ဒီဇင်ဘာအစောပိုင်းမှာ ယူနိုက်တက်၊ အဲဗာတန်တို့ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် ဒီဇင်ဘာ ကျိန်စာဆိုးမိပြန်ပြီ ထင်ခဲ့ကြပေမယ့် အဲ့ဒီနောက်ပိုင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး (၅) ပွဲဆက်တိုက် ဂိုးပြတ်နိုင်ပွဲတွေရရှိခဲ့ပါတယ်။