ကိုဗစ်ဖြစ်နေပါတယ်ဆိုမှ ဖုန်းဆက်ပြီး အိမ်စာပေးလိုက်သေးတယ်ဆိုတဲ့ ရန်းနစ်ဂ်

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က ကိုဗစ် ကူးစက်မှုတွေကြောင့် အသင်းလေ့ကျင့်ရေးကွင်းကို ပိတ်ထားချိန်မှာ ကစားသမားတွေကို ဖုန်းနဲ့ ဆက်သွယ်ခဲ့တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

နော့ဝစ်ချ်ကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့ပွဲအပြီး ယူနိုက်တက်အသင်းတွင်းမှာ ကိုဗစ်ကူးစက်မှု ပြင်းထန်ခဲ့ပြီး ကာရင်တန်လေ့ကျင့်ရေးကွင်းကိုလည်း ကာလတခုအကြာ ပိတ်ထားခဲ့ရတာပါ။

ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်၊ ဘရိုက်တန်တို့နဲ့ပွဲတွေကိုလည်း ရွှေ့ဆိုင်းခဲ့ရပြီး ဒီည နယူးကာဆယ်နဲ့ပွဲမှသာ ပြန်လည်ကစားဖြစ်မှာပါ။

ဒီပွဲမတိုင်ခင်မှာ ရန်းနစ်ဂ်က “ကျနော်တို့ သီးသန့် နေရတဲ့ (၄) ရက်အတွင်း ဘာမှမလုပ်နိုင်ပါဘူး။ ကစားသမားအများစုနဲ့ စကားပြောဖြစ်ခဲ့ပြီး ကိုဗစ်ဖြစ်နေတဲ့ ကစားသမားတွေလည်း ပါ,ပါတယ်”

“ကျနော် ကစားသမား (၁၆) ယောက် (၁၇) ယောက်လောက်နဲ့ တဦးချင်းစကားပြောဖြစ်ခဲ့ပြီး သူတို့ ဘယ်လိုအခြေအနေရှိလဲ နေလို့ကောင်းလား ဖုန်းနဲ့ လှမ်းမေးခဲ့ပါတယ်။ သူတို့ရော ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေရဲ့လားပေါ့။ ဒါပေမယ့် ကျနော်တို့ နည်းပြအဖွဲ့ဝင်တွေအတွက်လည်း အလုပ်တွေအများကြီးရှိပါတယ်”

“ဗီဒီယိုတွေ ပြင်ဆင်ရတာမျိုးပေါ့။ ကျနော်တို့ ဒါတွေကိုလည်း သေချာ ထပ်ကြပ်မကွာ ပြင်ဆင်ရပါတယ်။ ဘာလို့လဲဆိုတော့ ဒါတွေနဲ့မှ ကျနော်တို့ ဘယ်လိုကစားသင့်လဲ၊ ကစားသမားတွေအနေနဲ့ ဘယ်လိုဟန်ချက်ထိန်းရမလဲ သိနိုင်တာလေ” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ရန်းနစ်ဂ်လက်ထက် ပြိုင်ပွဲစုံ (၃) ပွဲမှာ ရှုံးပွဲ လုံးဝမရှိသေးဘဲ ဒီစံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ဦးမလား စောင့်ကြည့်ရတော့မှာပါ။