လေ့ကျင့်ရေးကွင်းမှာ ဘယ်လောက်အထိ ရှယ်ပြဲလဲ ဖွင့်ဟဝန်ခံလာတဲ့ ဒီဂီယာ

ယူနိုက်တက်ဂိုးသမား ဒီဂီယာက ရန်းနစ်ဂ်ရဲ့ လေ့ကျင့်ခန်း အစီအစဥ်တွေကို ချီးကျူးစကားပြောကြားလိုက်ပြီး ဒီအရာတွေက အရမ်းကို ပြင်းထန်လွန်းတယ်လို့လည်း ဖွင့်ဟဝန်ခံလိုက်ပါတယ်။

ယူနိုက်တက်ဟာ နည်းပြဟောင်း ဆိုးလ်ရှားလက်ထက်မှာ ရလဒ်တွေ ဆက်တိုက်ဆိုးရွားခဲ့တာကြောင့် အခုလိုပဲ ရန်းနစ်ဂ်နဲ့ အစားထိုးခဲ့တာပါ။

ရန်းနစ်ဂ်ဟာ ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ စတင်ကိုင်တွယ်ခဲ့ပြီး အဲ့ဒီပွဲမှာတင် ယူနိုက်တက် ကစားပုံက သိသိသာသာ ပြောင်းလဲခဲ့ပါတယ်။

ရန်းနစ်ဂ်ဟာ ဂျာမန်နည်းပြတယောက်ပီပီ အသင်းကို ဂျာမန်စတိုင် ပုံစံသွင်းဖို့ ပြင်ဆင်ထားပြီး လေ့ကျင့်ခန်း အစီအစဥ်တွေမှာလည်း ဒါတွေကို စတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။

ဒီဂီယာကတော့ “ကျနော်တို့ လေ့ကျင့်ရေးကွင်းမှာ တော်တော်လေးကို ပြင်းပြင်းထန်ထန် ကြိုးစားရပါတယ်။ လေ့ကျင့်ခန်းအစီအစဥ်တွေကလည်း တော်တော်လေးကို ပြင်းထန်ပါတယ်”

“ရန်းနစ်ဂ်ရဲ့ လေ့ကျင့်ခန်း အစီအစဥ်တိုင်း၊ သူနဲ့ရှိနေတဲ့ အခိုက်အတန့်တိုင်းက တော်တော်ကို ပြင်းထန်တာပါ။ လေ့ကျင့်ရေး အစီအစဥ်တိုင်းရော၊ ပွဲထဲမှာပါ ခင်ဗျားအနေနဲ့ ရာနှုန်းပြည့် ပေးဆပ်ဖို့ လိုအပ်ပါတယ်”

“ကျနော်တို့ ဆက်ပြီး စောင့်ကြည့်ရအောင်။ အခုမှ အစပဲရှိပါသေးတယ်။ အနာဂတ်မှာ ဘာတွေဖြစ်မလဲ မြင်ရမှာပါ။ အသင်းက ခွန်အားအပြည့်နဲ့ လေ့ကျင့်နေပြီး ဒါကို ပွဲကြီးတွေမှာ ပြသဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။