ဒီကောင်တွေကြောင့် နောက်လာမယ့် နည်းပြတွေလည်း ထုတ်ခံရမှာပဲလို့ ဆိုခဲ့တဲ့ ဂယ်ရီနဗီးလ်

နယူးကာဆယ် အသင်းနဲ့ ကစားခဲ့တဲ့ ယူနိုက်တက် ကစားသမားတွေရဲ့ပထမပိုင်းခြေစွမ်းကို ဂယ်ရီနဗီးလ် က ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပါတယ်။ဒီမနက်က ကစားတဲ့ ပွဲမှာ စိန့်မတ်ဆီမန် က နယူးကာဆယ် အတွက် အဖွင့်ဂိုးသွင်းယူခဲ့ပြီး ကာဗာနီ က ပြန်ချေပခဲ့လို့ တဖက်တဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ဒုတိယပိုင်းမှာ အကောင်းဆုံးပုံစံရခဲ့ပေမယ့် ရှေ့တန်းအတွက် ဖန်တီးနိုင်မှုအတော်လေးအားနည်းခဲ့တာဖြစ်ပါတယ်။ယူနိုက်တက် ကစားသမားတွေဟာ အမှားအယွင်းတွေအတွက် အချင်းချင်းအပြစ်တင်နေကြတာကို ဂယ်ရီနဗီးလ် က ဒေါသထွက်နေခဲ့တာပါ။

ဂယ်ရီနဗီးလ် က “သူတို့ဟာ အသင်းတသင်းအနေနဲ့ မှန်ကန်တဲ့အရာကို မလုပ်နိုင်ခဲ့ပဲ ပထမပိုင်းမှာ ဘယ်သူမှ ပါဝင်နိုင်ခဲ့ခြင်းတောင်မရှိပါဘူး။သူတို့တွေကို ကြည့်လိုက်ရင် တယောက်နဲ့ တယောက်ကို အော်ဟစ်နေကြတာကို တွေ့ရပါလိမ့်မယ်”

“လက်တွေကို လေထဲမှာ မြှောက်ပြီး အရာအားလုံးကို ညည်းညူနေကြပါတယ်။သူတို့ကြောင့် နောက်ဆုံးမန်နေဂျာလည်း ထုတ်ခံခဲ့ရတယ်။ရက်ဂ်နစ်ကတော့ ထုတ်ခံရမှာမဟုတ်ပေမယ့် ဒီလိုပြဿနာတွေသာရှိမယ်ဆိုရင် နောက်လာမယ့်နည်းပြတွေလည်း ထုတ်ခံရမှာပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ရက်ဂ်နစ် အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ (၄)ပွဲမှာ တိုက်စစ်ပိုင်းက ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး တပွဲ(၁)ဂိုးနှုန်းသာ သွင်းယူထားနိုင်တာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပွဲမကစားရတာ (၂)ပတ်ကျော်ကြာပြီဖြစ်ပေမယ့် ပြန်ကစားတဲ့ ပွဲမှာ အသင်းရဲ့ကစားပုံဟာ စိတ်ပျက်ဖို့ကောင်းခဲ့ပြီး ဂိုးသမား ဒီဂီယာ သာ လက်စွမ်းမပြနိုင်ခဲ့ရင် အရေးနိမ့်သွားနိုင်တဲ့ အခြေအနေမှာ ရှိနေခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ကြားရက်မှာပဲ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။