အသင်းမနိုင်ရင် စိတ်ကောက်နေကျ ရော်နယ်ဒိုကို အကြီးအကျယ် ထပ်ဝုန်းလိုက်ပြန်တဲ့ နဗီးလ်

ဂယ်ရီနဗီးလ်ဟာ မနေ့ညက နယူးကာဆယ်နဲ့ပွဲအပြီး ရော်နယ်ဒိုရဲ့ အပြုအမူနဲ့ ပတ်သက်လို့ ထပ်မံပြီး ဝေဖန်စကားပြောကြားလိုက်ပါတယ်။

နယူးကာဆယ်က ဒီပွဲမှာ မက်ဆီမင်ရဲ့ အစောပိုင်း သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ယူနိုက်တက်က လူစားဝင်တိုက်စစ်မှူး ကာဗာနီက ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်၊ ဘရိုက်တန်တို့နဲ့ ကစားမယ့်ပွဲတွေကို ရွှေ့ဆိုင်းခဲ့ရပြီးနောက် ပထမဆုံး ပြန်ကစားခဲ့တဲ့ပွဲမှာ အခုလိုပဲ နိုင်ပွဲ ပျောက်ခဲ့တာပါ။

ဒီပွဲမှာ ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်က အားရစရာ မကောင်းခဲ့သလို ပွဲအပြီးမှာလည်း ဒေါသထွက်ထွက်နဲ့ အဝတ်လဲခန်းထဲ ချက်ချင်းဝင်သွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အသင်းနိုင်ပွဲပျောက်ချိန်မှာ ဒီလိုမျိုးပြုမူနေကျဖြစ်ပြီး နဗီးလ်အနေနဲ့လည်း ရော်နယ်ဒိုကို ဒီကိစ္စနဲ့ပတ်သက်လို့ အကြိမ်ကြိမ် ဝေဖန်ခဲ့ဖူးတာပါ။

ဂယ်ရီနဗီးလ်က “ကျနော် အဲဗာတန်နဲ့ပွဲတည်းက ပြောဖူးပါတယ်။ ရော်နယ်ဒိုက အဲ့ဒီတုန်းကလည်း ဒီအတိုင်းပါပဲ။ သူက ဆိုးလ်ရှားကို ဖိအားပိုများစေခဲ့တယ်၊ ဆိုးလ်ရှား အထုတ်ခံရမယ့် ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း ဒီလိုပါပဲ”

“ပွဲချိန်အတွင်း ဘယ်လိုကစားခဲ့လဲ ကျနော် စိတ်မဝင်စားပါဘူး။ ရလဒ်ကိုလည်း ဂရုမစိုက်ပါဘူး။ ဒါပေမယ့် ပွဲအပြီးမှာ ပရိသတ်တွေဆီကိုသွားပြီး လက်ခုပ်တီး နှုတ်ဆက်ရပါမယ်။ အသင်းဖော်တွေနဲ့အတူ ကွင်းထဲက ထွက်ရပါမယ်”

“ကမ္ဘာ့အကောင်းဆုံး ကစားသမားတယောက်ဖြစ်နေလည်း ဒါကို လုပ်ဖို့ လိုအပ်ပါတယ်” လို့ ဝေဖန်ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။