ပဲရစ်မြို့သားတွေဆီမှာ တဆုပြီးတဆု ဓားပြတိုက်ခံနေရတဲ့ လီဝန်ဒေါစကီး

ပုံမှန်ကျင်းပနေတဲ့ Global Soccer Award မှာ ပီအက်စ်ဂျီရဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ် ကစားသမား အမ်ဘာပေက အကောင်းဆုံးဆုကို ဆွတ်ခူးရရှိသွားပါတယ်။

ဒီဆုကို ကမကထလုပ်ကျင်းပတာကတော့ စပိန်အခြေစိုက် မာကာသတင်းဌာနဖြစ်ပြီး ဒီသတင်းဌာနက ရီးရဲယ်မက်ဒရစ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်လို့လည်း ဘောလုံးအသိုင်းအဝိုင်းက လက်ခံထားပါတယ်။

ပရိသတ် (၅) သန်းကျော်ရဲ့ မဲပေးရွေးချယ်မှုကို ဆန်ခါတင်ထပ်ရွေးပြီး ဆုချီးမြှင့်တာလည်းဖြစ်ပါတယ်။ ဒီဆုမှာလည်း လီဝန်ဒေါစကီးတယောက် အမ်ဘာပေရဲ့ နောက်ကောက်ချတာကို ခံခဲ့ရပြီး ဂုဏ်သိက္ခာအတွက် အရေးပါတဲ့ နောက်ထပ်ဆုတခုကို လက်လွှတ်လိုက်ရတာပါ။

ဒါပေမယ့် ပရိသတ်တွေက ရွေးချယ်တဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ လီဝန်ဒေါစကီးက ရရှိခဲ့ပါတယ်။ ထူးဆန်းတာတခုကတော့ မက်ဆီတယောက် ဒီဆုနဲ့ ပတ်သက်လို့ ဘယ်နေရာမှာမှ ပါဝင်ခဲ့ခြင်းမရှိတာပါပဲ။

ထိပ်တန်းဂိုးသွင်းရှင်ဆုကို ရော်နယ်ဒိုကရရှိခဲ့ပြီး အကောင်းဆုံးဂိုးသမားဆုနဲ့ နောက်ခံလူဆုကိုတော့ အီတလီသားတွေဖြစ်တဲ့ ဒွန်နာရမ်မာနဲ့ ဘိုနူချီတို့ ဆွတ်ခူးခဲ့ပါတယ်။

အကောင်းဆုံးကလပ်အသင်းကတော့ ဥရောပချန်ပီယံချဲလ်ဆီး၊ အကောင်းဆုံး လက်ရွေးစင်အသင်းကတော့ ယူရိုချန်ပီယံ အီတလီတို့သတ်မှတ်ခံခဲ့ရပါတယ်။

ဒီဆုကို ချီးမြှင့်ခဲ့တဲ့ သက်တမ်းက (၁၂) နှစ်သာရှိသေးပြီး ရော်နယ်ဒိုက (၆) ကြိမ်နဲ့ အများဆုံးရရှိထားတာပါ။ ဒါ့အပြင် လီဝန်ဒေါစကီး၊ မက်ဆီ၊ ရီဘာရီနဲ့ အမ်ဘာပေတို့သာ ဒီဆုကို ဆွတ်ခူးဖူးတာကြောင့် ဒီဆုကို ဆွတ်ခူးဖူးတဲ့ ကစားသမား အရေအတွက်ကလည်း (၅) ယောက်သာရှိသေးတာလည်းဖြစ်ပါတယ်။