ကျနော်က အကောင်းဆုံးဖြစ်ပြီးသားလေ၊ ဘလွန်းဒီအော်လိုလို့လားဆိုပြီး မေးခွန်းထုတ်တဲ့ မိုဗစ်

အေစီမီလန်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က သူ့အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်တယ်ဆိုတာကို ဘလွန်းဒီအော်ဆုနဲ့ သက်သေပြနေစရာ မလိုတော့ဘူးလို့ ပြောကြားလိုက်ပါတယ်။

အီဘရာဟီမိုဗစ်ဟာ ဘောလုံးလောကရဲ့ ဂန္တဝင်တိုက်စစ်မှူးကြီးတွေထဲက တယောက်အဖြစ် တင်စားခံရပေမယ့် သူ့ရဲ့ ကစားသမားဘဝမှာ ချန်ပီယံလိဂ်ဖလားတကြိမ်မှ မရခဲ့ဖူးသလို ဘလွန်းဒီအော်ဆုကိုလည်း ဆွတ်ခူးခဲ့ဖူးခြင်း မရှိပါဘူး။

အမြင့်ဆုံးအနေနဲ့ (၂၀၁၃) တုန်းက ဘလွန်းဒီအော်ဆု သတ်မှတ်ချက်မှာ အဆင့် (၄) ရရှိခဲ့တာကသာ အီဘရာဟီမိုဗစ်အတွက် ဒီဆုမှာ အမြင့်ဆုံး ရပ်တည်မှုဖြစ်ခဲ့ပါတယ်။

အဲ့ဒီအချိန်ကလည်း မဲအရေအတွက် (၂၅၇) ခုသာရရှိခဲ့ပြီး ဒါဟာ မဲပေးသူအရေအတွက်ရဲ့ (၅.၂၉) ရာခိုင်နှုန်းကသာ အီဘရာဟီမိုဗစ်ကို မဲပေးခဲ့တာပါ။

ဒါပေမယ့် အီဘရာဟီမိုဗစ်ကတော့ “ဘလွန်းဒီအော်ဆုဆိုတာက ကောင်းမွန်တဲ့အရာတခုပါ။ ဒါပေမယ့် ကျနော်က ကမ္ဘာ့အကောင်းဆုံး ကစားသမားဆိုတာကို သက်သေပြဖို့ ဘလွန်းဒီအော် မလိုအပ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာ အေဂျက်စ်၊ ဘာစီလိုနာ၊ အင်တာမီလန်၊ အေစီမီလန်၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီ၊ ယူနိုက်တက်တို့လို ဥရောပထိပ်တန်းအသင်းအများအပြားမှာ ကစားခဲ့ဖူးပေမယ့် ချန်ပီယံလိဂ်ရော၊ ဘလွန်းဒီအော်ရော မရခဲ့တာက ထူးဆန်းတဲ့အရာလို့ဆိုရမှာပါ။

အသက် (၄၀) အရွယ်ရှိပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ဟာ အခုချိန်ထိတော့ အနားယူဖို့ စိတ်ကူးမရှိသေးဘဲ အေစီမီလန်နဲ့အတူ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေဆဲဖြစ်ပါတယ်။