မန်စီးတီးကို ကျော်ပြီး ပရီးမီးယားလိဂ်ရဖို့က ဖြစ်နိုင်ပေမယ့် ခက်ခဲတယ်လို့ ပြောခဲ့တဲ့ ကလောပ့်

လီဗာပူးလ် အသင်းနည်းပြ ကလောပ့် က မန်စီးတီး ကို ကျော်ပြီး ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ ခက်ခဲတယ်လို့ ၀န်ခံလိုက်ပါတယ်။မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ်ထ်ိပ်ဆုံးနေရာမှာ ဦးဆောင်နေတာဖြစ်ပြီး လီဗာပူးလ် အသင်းက ဒုတိယနေရာကနေ ဖိအားပေးနေတာဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ မကြာသေးခင်က ရက်သတ္တပတ်တွေမှာ ခြေစွမ်းကောင်းတွေ တောက်လျှောက်ပြသခဲ့ပြီး (၉)ပွဲဆက်အနိုင်ရကာ ဂိုး(၃၀)အထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ကလောပ့် ကတော့ မန်စီးတီး အသင်း အထက်မှာ ရပ်တည်ပြီး ရာသီသိမ်းနိုင်ဖို့ ယုံကြည်နေတယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမာ့် ဒါဟာ ခက်ခဲတယ်လို့တော့ ကလောပ့်က ဝန်ခဲခဲ့တာဖြစ်ပါတယ်။ကလောပ့် က “ဆုဖလားရဖို့ ဖြစ်နိုင်မယ်တော့ထင်တယ်။ဒါပေမယ့် ဒါကို စဉ်းစားရပါမယ်။ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ဟာ ဒီမှာရှိနေလို့ပါ။ဒါပေမယ့်လည်း ဒါက လုံး၀ခက်ခဲပါတယ်”

“ကစားသမားတွေရဲ့ လိုက်လျောညီထွေမှုက မယုံနိုင်လောက်အောင် ကောင်းပါတယ်။ဒါကပဲ ခင်ဗျားတို့ရဲ့ တခုတည်းသော အခွင့်ရေးပါပဲ။မန်စီးတီး အသင်းရဲ့ ရှေ့မှာရှိနေဖို့က တကယ်ကိုခက်ခဲတာပါ။ဒါပေမယ့် ကျွန်တော်တို့ဟာ အရမ်းကြီးအမှတ်ပြတ်တာ‌တော့မဟုတ်ပါဘူး”

“ကျွန်တော်တို့မှာ အခွင့်အရေးလုံး၀မရှိတော့သလိုမျိုးတော့ မဟုတ်ပေမယ့်လည်း မန်စီးတီးက အမှတ်တွေအများကြီး မလျော့နိုင်ဘူးဆိုတာတော့ ခင်ဗျားတို့သိပါတယ်။ဒါကြောင့်လည်း ခင်ဗျားတို့ကိုယ်တိုင် အမှတ်တွေအများကြီး မလျော့တာက ပိုကောင်းပါတယ်”လို့ဆိုခဲ့ပါတယ်။

လက်ရှိချန်ပီယံဖြစ်တဲ့ မန်စီးတီး အသင်းဟာ ရာသီအစပိုင်းက ရလဒ်တွေမကောင်းခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ သူတို့ရဲ့ အကောင်းဆုံးပုံစံကို ဆက်တိုက်ဆိုသလိုပြသခဲ့တာပါ။

ဒီရာသီ ပရီးမီးယားလိဂ်(၁၉)ပွဲကစားပြီးချိန်မှာ မန်စီးတီး အသင်းက ရမှတ်(၄၇)မှတ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပြီး လီဗာပူးလ် အသင်းက တပွဲလျော့ ရမှတ်(၄၁)မှတ်နဲ့ အဆင့်(၂)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။