လက်စတာ ကို အရေးနိမ့်ပြီး ၂၀၂၁ ကို အရှုံးနဲ့ နှုတ်ဆက်ခဲ့ရတဲ့ လီဗာပူးလ်

လီဗာပူးလ် အသင်းဟာ ဒီမနက်ပိုင်းက ကင်းပါဝါ မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လက်စတာ အသင်းကို (၁)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။လက်စတာ အတွက် တလုံးတည်းသောဂိုးကို လွတ်ခ်မန်းက သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် အဖြစ် တွေ့ဆုံထားခဲ့တာဖြစ်ပြီး မီနာမီနို ရဲ့နောက်ကျချေပဂိုးကြောင့် လက်စတာ အသင်းဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ လီဗာပူးလ် အသင်းကို အရေးနိမ့်သွားခဲ့တာပါ။

လက်စတာ အသင်းကတော့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဒီရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။လက်စတာ အသင်းဟာ ဘောက်ဆင်ဒေး က ကစားခဲ့တဲ့ မန်စီးတီးနဲ့ ပွဲမှာ ဂိုးပြတ်အရေးနိမ့်ခဲ့တာကနေ ဒီပွဲမှာ နိုင်ပွဲပြန်လည်ရှာ‌ဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့ပွဲချိန်(၁၆)မိနစ်မှာ လီဗာပူးလ် အသင်း ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ဆာလတ် ရဲ့ကန်ချက်ကို ကတ်စပါရှမိုက်ကယ် ကာကွယ်သွားနိုင်ခဲ့တာပါ။ဆာလတ် အတွက်တော့ (၂၀၁၇) နောက်ပိုင်း ပထမဆုံးအကြိမ် ပင်နယ်တီလွဲချော်ခဲ့တာလည်းဖြစ်ပါတယ်။

လက်စတာ အသင်းဟာ ဒီရာသီ ပြိုင်ပွဲစု(၂၈)ပွဲဆက် ဂိုးသွင်းယူထားနိုင်တဲ့ လီဗာပူးလ် အသင်းရဲ့စံချိန်မှတ်တမ်းကောင်းကို ရပ်တန့်နိုင်တဲ့ ပထမဆုံးအသင်းလည်းဖြစ်လာခဲ့တာပါ။

လီဗာပူးလ် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၂)ပွဲမှာ (၅)မှတ်အထိ လျော့ခဲ့တာကြောင့် ထိပ်ဆုံးက မန်စီးတီး အသင်းနဲ့ (၆)မှတ်ကွာဟသွားခဲ့ပြီး အဆင့်(၃)နေရာက ချယ်လ်ဆီး အသင်းနဲ့ ရမှတ်တူသွားခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးလ် အသင်းဟာ ဇန်နဝါရီ(၂)ရက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီး အသင်း အိမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။