လက်စတာ ကို အရေးနိမ့်ပြီးနောက် တိုက်စစ် ကစားသမားတွေကို ဝေဖန်လိုက်တဲ့ ဗန်ဒိုက်

ဗန်ဒိုက် ကတော့ လက်စတာ ကို (၁)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် တိုက်စစ်ကစားသမားတွေနဲ့
အသင်းရဲ့စွမ်းဆောင်ရည်တခုလုံးကို ဝေဖန်လိုက်ပါတယ်။ဒီပွဲရဲ့ပွဲချိန်(၁၆)မိနစ်မှာ ဆာလတ် ပင်နယ်တီ ကန်ခွင့်ရခဲ့ပြီး သူ့ရဲ့ကန်ချက်ကို လက်စတာဂိုးသမား ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်(၅၉)မိနစ်မှာ လက်စတာ အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တဲ့ လွတ်ခ်မန်းရဲ့ဂိုးကို ခွင့်ပြုခဲ့ရတဲ့ အချိန်မတိုင်ခင် လီဗာပူးလ် အသင်း တိုက်စစ်ကစားသမား မာနေး ဟာ အခွင့်အရေးတွေအများကြီးရခဲ့ပေမယ့် လွဲချော်ခဲ့တာပါ။

ဒီရှုံးပွဲဟာ လီဗာပူးလ် အတွက် ဒီရာသီ ဒုတိယမြောက်ရှုံးနိမ့်တဲ့ ပွဲဖြစ်ပြီး ထိပ်ဆုံးက မန်စီးတီး အသင်းနဲ့ (၆)မှတ်ကွာဟသွားပြီလည်းဖြစ်ပါတယ်။မန်စီးတီး အသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ (၉)ပွဲဆက် အနိုင်ရထားတာဖြစ်ပါတယ်။

ဗန်ဒိုက်က “လက်စတာ အသင်းအနိုင်ရလဒ်နဲ့ ထိုက်တန်ပါတယ်။ဒါက ကျွန်တော်တို့နဲ့ ဆိုင်တယ်ဆိုတာ အသိအသာပါပဲ။အသင်းရဲ့ဖြတ်တင်မှုအများအပြားကိုလည်း သူတို့ကာကွယ်နိုင်ခဲ့ပါတယ်။ခြုံပြီးပြောရရင်တော့ ဒါဟာကောင်းမွန်တဲ့ စွမ်းဆောင်ရည်မဟုတ်ပါဘူး”

“သူတို့ဟာ အများကြီးမဖန်တီးနိုင်ခဲ့ပေမယ့် သူတို့ရဲ့လုပ်ဆောင်မှုတွေဟာ အန္တရာယ်ရှိခဲ့ပါတယ်။သူတို့ကို ချီးကျုးရမှာပါ။ကျွန်တော်တို့ ကိုယ့်ကိုကိုယ်ကြည့်ပြီး တိုးတက်အောင်လုပ်ရပါဦးမယ်။ဒါဟာ ဘောလုံးရဲ့အစိတ်အပိုင်းပါပဲ”

“အဆုံးထိဆက်ပြီးကြိုးစားသွားရမှာပါ။ကျွန်တော်တို့ အခွင့်အရေးကောင်းတွေဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးပေါက်ထဲကို ဘောလုံးဝင်သွားတဲ့နေ့တော့မဟုတ်ခဲ့ပါဘူး။ပင်နယ်တီလွဲချော်တယ်ဆိုတာ ဖြစ်တက်ပေမယ့် ဒါက စိတ်ပျက်ဖို့ကောင်းပါတယ်”

“ပေးခဲ့ရတဲ့ဂိုးကို လက်မခံချင်ပေမယ့် လွတ်ခ်မန်းကို နေရာလွတ်ပေးခဲ့ပြီး ဂိုးပေးလိုက်ရပါတယ်။ဒါပေမယ့် ကျွန်တော်တို့ ပိုကောင်းတဲ့ အခွင့်အရေးတွေဖန်တီးပေးတဲ့ အခိုက်အတန့်တွေရှိခဲ့ပါတယ်။ဒါလည်း သူတို့ကို ချီးကျုးရမှာပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။