ဘီလ်ဂိတ်တို့လို ကမ္ဘာကျော်တွေနဲ့ နည်းနည်းလေးတောင် တူမှာမဟုတ်တဲ့ ကန်တေရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်

ချဲလ်ဆီးကွင်းလယ်လူ ကန်တေ အကောင်းဆုံး ခြေစွမ်းပြနိုင်တာနဲ့ ပတ်သက်လို့ ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က ဖွင့်ဟပြောကြားလာပါတယ်။

ကန်တေဟာ (၂၀၁၆) မှာ လက်စတာကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့ပြီး ချဲလ်ဆီးနည်းပြ အဆက်ဆက်မှာ အသင်းရဲ့ အဓိကအမာခံ ကွင်းလယ်လူဖြစ်ခဲ့ပါတယ်။

ကန်တေဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဖလား၊ ဥရောပစူပါဖလားတို့လို အဓိကဆုဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပြီးပါပြီ။

ဒီကစားသမားနဲ့ ပတ်သက်လို့ တူဟယ်လ်က “ကန်တေက ကွင်းတွင်းမှာရော၊ ကွင်းပြင်မှာပါ သိပ်ကောင်းတဲ့ လူတယောက်ပါ။ သူက အေးဆေးရှိတယ်၊ ရှက်လည်းရှက်တတ်ပါတယ်”

“နောက်ပြီး သူက နာရီနဲ့ချီအောင် အိပ်နိုင်ပြီး ကောင်းကောင်းအနားယူနိုင်တဲ့လူမျိုးပါ။ အသားကုန်လည်း ကြိုးစားကစားတယ်၊ ပြီးတော့ သေချာလည်း အပြည့်အဝ အနားယူပါတယ်။ အဲ့ဒါက သူ့အတွက် အောင်မြင်မှု သော့ချက်တခုဖြစ်နေနိုင်ပါတယ်”

“အရမ်းလည်း နှိမ့်ချတတ်ပြီး လူတိုင်းပေါ်လည်း သူကောင်းပါတယ်။ ဒဏ်ရာပြဿနာတွေကင်းရှင်းပြီး အကောင်းဆုံးပုံစံတွေရနေချိန်မှာ သူက အသင်းကို အကောင်းဆုံး အကျိုးသက်ရောက်မှုရှိစေသူပါ”

“သူ ဝင်ကစားတယ်ဆိုရင် ကစားသမားတယောက်ခွဲစာလောက်နဲ့ ညီမျှပါတယ်။ ကျနော်တို့လည်း ကန်တေနှစ်ယောက်ကို ပိုင်ဆိုင်ထားသလိုပါပဲ။ တယောက်က တိုက်စစ်၊ တယောက်က ခံစစ်ပေါ့”

“ဒီတော့ ကျနော် ဘာပြောနိုင်မှာလဲ။ ကန်တေရှိနေတဲ့အတွက် ပျော်ရွှင်ပြီး သူ့ကို အသင်းလူစာရင်းမှာ ပိုင်ဆိုင်ရတာ အရမ်းအရမ်းကို ကံကောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။