ယူနိုက်တက် ကစားသမားတွေ လေ့ကျင့်ရေးကွင်းမှာ နားကားနေတယ်လို့ သတင်းတွေထွက်

ယူနိုက်တက် ကစားသမားတွေဟာ နည်းပြ ရန်းနစ်ဂ်ရဲ့ လေ့ကျင့်ခန်း အစီအစဥ်တွေကို အသည်းအသန် အမှီလိုက်နေရပြီး အချိန်ပြောင်းရွှေ့မှုတွေနဲ့အတူ အဆင်မပြေမှုတွေရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မကြာခင်ကပဲ ယူနိုက်တက်ဂိုးသမား ဒီဂီယာက နည်းပြ ရန်းနစ်ဂ်ကို ချီးကျူးခဲ့ပေမယ့် သူ့ရဲ့ လေ့ကျင့်ခန်းနည်းစနစ်တွေက ပြင်းထန်လွန်းတယ်လို့ ဖွင့်ဟဝန်ခံထားတာပါ။

လက်ရှိအချိန်မှာ ကစားသမားတွေဟာ တော်တော်လေး ခံစားချက်ဆိုးရွားနေတယ်လို့ သိရပြီး အသင်း စားသောက်ခန်းမှာ (၄) ခုံတွဲ (၆) ခု ခွဲခြား စားသောက်စေခြင်းကလည်း အသင်းတွင်း ဂိုဏ်းကွဲမှုမျိုးကို ဖြစ်စေနိုင်တယ်လို့ ယူဆနေကြပါတယ်။

အရင်က လေ့ကျင့်ခန်းအစီအစဥ်တွေကို မနက်ပိုင်း ပြုလုပ်လေ့ရှိပေမယ့် ရန်းနစ်ဂ်လက်ထက်မှာတော့ နေ့လယ်ပိုင်းကို ရွှေ့ဆိုင်းခဲ့ပြီး နယူးကာဆယ်ကို သရေကျပြီးနောက်တနေ့မှာလည်း မိုးမှောင်တဲ့အချိန်၊ ညနေ (၅) နာရီအထိ လေ့ကျင့်ခန်း ဆင်းခဲ့ရတယ်လို့ သိရပါတယ်။

ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ပြီး နည်းပြသစ် ခန့်အပ်ပြီးချိန်အထိ ယူနိုက်တက်အသင်းတွင်း ကမောက်ကမ အခြေအနေတွေကို မဖြေရှင်းနိုင်သေးဘဲ ရော်နယ်ဒိုနဲ့ ဂရင်းဝုဒ်တို့အကြား ပြဿနာရှိနေဆဲပါ။

ဒါ့အပြင် အသင်းခေါင်းဆောင် မက်ဂွိုင်းရားရဲ့ ဦးဆောင်မှုကဏ္ဍကလည်း ရော်နယ်ဒို ပြန်ရောက်လာပြီးနောက်ပိုင်း မှေးမှိန်လာတယ်လို့ သိရပါတယ်။

ဘန်လေနဲ့ မနက်ဖြန်ညမှာ ကစားမယ့်ပွဲက ထိပ်သီးလေးသင်းစာရင်း ဝင်ရောက်ရေးအတွက် အရေးကြီးနေသလို ကွင်းတွင်း၊ ကွင်းပြင် သဟဇာတဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်ရေးကလည်း ရန်းနစ်ဂ်အတွက် အရေးပါနေဆဲဖြစ်ပါတယ်။