ပွဲချိန်တွင်း ခြေစွမ်းမပြနိုင်ပေမယ့် ပွဲမစခင်တည်းက နယူးကာဆယ်ဖန်တွေကို ပါးစပ်ပိတ်ပေးခဲ့တဲ့ ရော်နယ်ဒို

ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ နယူးကာဆယ် ပရိသတ်တွေအကြား ရယ်စရာ ဖြစ်ရပ်တခု ပွဲမစခင်မှာ ဖြစ်ပွားခဲ့ပါတယ်။

တနင်္လာညက နယူးကာဆယ် အိမ်ကွင်း၊ စိန့်ဂျိမ်းပါ့တ်ခ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ ယူနိုက်တက်တို့ ရုန်းကန်ခဲ့ရပြီး အိမ်ရှင်ကစားသမား မက်ဆီမင်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရတာပါ။

ဒုတိယပိုင်းမှာ ကာဗာနီရဲ့ ဂိုးကြောင့် သရေတမှတ်ရရှိခဲ့ပေမယ့် ပွဲပြီးဆုံးခါနီး မိနစ်တွေမှာ နယူးကာဆယ်ရဲ့ ထိုးဖောက်မှုတွေ ဂိုးမဖြစ်ခဲ့တာကြောင့်သာ ယူနိုက်တက်တို့ ကံကောင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီပွဲမှာ ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်က အားရစရာ မကောင်းခဲ့ပေမယ့် ပွဲမစခင် သွေးပူလေ့ကျင့်ခန်း လုပ်နေရင်း ရော်နယ်ဒိုက နယူးကာဆယ် ပရိသတ်တွေကို ပါးစပ်ပိတ်သွားအောင် လုပ်ခဲ့သေးတာပါ။

ပွဲမတိုင်ခင် ယူနိုက်တက်အသင်းသားတွေ သွေးပူလေ့ကျင့်ခန်းနဲ့ ဂိုးပေါက် ကန်သွင်းမှု လုပ်နေချိန်မှာ နယူးကာဆယ် ပရိသတ်တွေက ရော်နယ်ဒိုရဲ့ ကန်ချက် တကြိမ် လွဲသွားတိုင်း ဝိုင်းဝန်း လှောင်ပြောင်ခဲ့ကြပါတယ်။

နောက်ဆုံး ရော်နယ်ဒိုက သူ့ကန်ချက် ဂိုးဝင်သွားချိန်မှာတော့ ကောင်းကောင်းကြီး ရယ်မောပြီး သူ့လက်တဖက်ကို နားရွက်နားကပ်ကာ နယူးကာဆယ် ပရိသတ်တွေကို ချက်ချင်း ပြန်လည် တုံ့ပြန်သွားခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် ရော်နယ်ဒိုက ဒီပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ဒီအခိုက်အတန့်ကပဲ နယူးကာဆယ်နဲ့ပွဲမှာ ရော်နယ်ဒိုရဲ့ အကောင်းဆုံး အခိုက်အတန့်လို့ ပရိသတ်တွေက ထပ်မံလှောင်ပြောင်ခဲ့ကြပါတယ်။