အချက်အလက်တွေအရ ဥရောပရဲ့အကောင်းဆုံးဂိုးသမားဖြစ်နေတဲ့ ဒီဂီယာ

မန်ချက်စတာယူနိုက်တက် အသင်းအတွက် ဒီရာသီမှာ အလွန်ကောင်းမွန်စွာ စွမ်းဆောင်ပြသထားတဲ့ ဒီဂီယာ ဟာ အချက်အလက်တွေအရ ဥရောပထိပ်တန်းလိဂ်ရဲ့ အကောင်းဆုံးဂိုးသမားအဖြစ် ရပ်တည်နေတယ်လို့သိရပါတယ်။

ဒီဂီယာ ဟာ ဂိုးပေးရနိုင်တယ်လို့ ထင်ရတဲ့ကန်ချက်တွေကို ဂိုးမပေးရအောင် ကာကွယ်နိုင်မှုမှာ အများဆုံးအဖြစ် ရပ်တည်နေတာပါ။ဒီဂီယာ ဟာ ဒီရာသီမှာ ဂိုးပေးရနိုင်ဖို့ မျှော်လင့်ထားတဲ့(၇.၆)ဂိုးကို မပေးရအောင် ကာကွယ်ထားခဲ့တာဖြစ်ပါတယ်။

ဒီဂီယာ ရဲ့ နောက်မှာ ဝုလ်ဗ်စ် အသင်း ဂိုးသမား ဂျိုဆီဆာ က (၆.၇)ဂိုး ကာကွယ်ထားပြီး ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ဘွန်ဒစ်လီဂါ ကလပ် ဘိုချန်အသင်းရဲ့ ဂိုးသမား ရီးမန်း က (၆.၄)နဲ့ တတိယ၊ ဗယ်လယ်ကာနို ဂိုးသမား ဒီမီထရီအက်ဗ်စကီး က (၅.၉)နဲ့ စတုတ္တနေရာမှာ ရပ်တည်နေတာပါ။

ဒီထိပ်တန်း(၁၀)ဦးမှာ လာလီဂါ က (၄)ဦးနဲ့ အများဆုံးဖြစ်ပြီး ပရီးမီးယားလိဂ်က (၂)ဦး၊ဘွန်ဒစ်လီဂါ က (၂)ဦးနဲ့ စီးရီးအေ၊လီဂူး၀မ်း တို့က (၁)ဦးစိ ပါ၀င်ခဲ့တာဖြစ်ပါတယ်။ဒီဂီယာ ဟာ ဒီရာသီမှာ ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အကောင်းဆုံး လက်စွမ်းပြနေတာပါ။

ဒီဂီယာ ဟာ ပြီးခဲ့တဲ့ ရာသီက လက်စွမ်းပိုင်းအနည်းငယ် ကျဆင်းခဲ့တဲ့ အတွက် အသင်းရဲ့ နံပတ်(၁)ဂိုးသမားအဖြစ် ဒိန်းဟန်ဒါဆန် ရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ဒီရာသီမှာတော့ ဒီဂီယာ ရဲ့ လက်စွမ်းဟာ ထိပ်တန်းအဆင့်မျိုးပြသနိုင်ခဲ့ပြီးအသင်းရဲ့ နံပတ်(၁) ဂိုးသမားနေရာကိုခိုင်မာစွာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂီယာ ဟာ နယူးကာဆယ် အသင်းနဲ့ တဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာလည်း အသင်းကို မရှုံးနိမ့်အောင် လက်စွမ်းပြ ကာကွယ်ခဲ့တာပါ။ဒီဂီယာ ဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန်(၈၈)မိနစ်မှာ နယူးကာဆယ် အသင်းက အယ်လ်မီရွန်ရဲ့ ကောင်းမွန်တဲ့ ကန်ချက်ကို လက်စွမ်းပြကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရာသီမှာ အသင်းရဲ့ ခံစစ်ပိုင်းဆိုးရွားမှုတွေကြောင့် ဂိုးပေါက်ထဲကို ကန်သွင်းမှုအများအပြားပြုလုပ်ခံနေရတာဖြစ်ပါတယ်။ဒါ‌ပေမယ့် ဒီဂီယာ ဟာ သူ့ရဲ့လက်စွမ်းပြကာကွယ်မှုတွေနဲ့အသင်းရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပေးနေခဲ့တာပါ။