ဘရိုက်တန်နဲ့ ပွဲမှာ ပင်နယ်တီမရခဲ့လို့ ဒေါသပေါက်ကွဲနေတဲ့ တူချယ်လ်

ချယ်လ်ဆီး အသင်းနည်းပြ တူချယ်လ် က ဘရိုက်တန် အသင်းကို စတမ်းဖို့ဘရစ်ခ်ျ မှာ တဖက်တဂိုးစီ သရေကျတဲ့ ပွဲအပြီးမှာ ဒိုင်လူကြီးတွေနဲ့ ပြင်းထန်တဲ့ ပွဲစဉ်ဇယားတွေကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ လူကာကူရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ဝဲလ်ဘတ် က ဘရိုက်တန် အတွက် ပြန်လည်ချေပသွားနိုင်ခဲ့လို့ တဖက်တဂိုးစီ သရေနဲ့ ပွဲပြီးခဲ့တာပါ။မန်စီးတီး အသင်းက ဘရန်ဖိုဒ့် အသင်းကို တဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့လို့ ချယ်လ်ဆီး အသင်းဟာ မန်စီးတီးနဲ့ (၈)မှတ်ကွာဟသွားပြီဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ကိုဗစ်ကူးစက်မှုတွေ ရှိခဲ့ပေမယ့် (၃၁)ရက်အတွင်းမှာ (၁၀)ပွဲကစားခဲ့ရလို့ တူချယ်လ် ဟာ ပရီးမီးယားလိဂ် ပွဲစဉ်ဇယားကို ပြီးခဲ့တဲ့ အပတ်တွေကလည်း ဝေဖန်ခဲ့တာပါ။တူချယ်လ် က “သရေကျတာမှန်ကန်တယ်လို့ထင်လား?လုံးဝမဟုတ်ပါဘူး။ကျွန်တော်တို့ ပိုကောင်းတဲ့ အခွင့်အရေးတွေနဲ့ ပင်နယ်တီသေချာပေါက်ရသင့်ပါတယ်”

“အလွန်စိတ်ပျက်ဖို့ကောင်းပြီး ဒေါသထွက်စရာတွေပါပဲ။ကျွန်တော်တို့ဟာ ရုန်းကန်နေရပေမယ့် နောက်ထပ်ဒဏ်ရာရကစားသမား(၂)ဦးထပ်တွေ့ခဲ့ပါတယ်။ရာနှုန်းပြည့်ပင်နယ်တီပေးရမှာကို ဒိုင်လူကြီးက မပေးချင်ပါဘူး။အရာအားလုံးက ကျွန်တော်တို့ကို ဆန့်ကျင်နေပါတယ်”

“ဒါက (၁၀၀)ရာခိုင်နှုန်းပင်နယ်တီပါပဲ။ဒါကို ဒိုင်လူကြီးကို သွားမေးရမှာ ကျွန်တော့်ကိုမေးရမှာမဟုတ်ပါဘူး။ကစားသမားတွေ ဒဏ်ရာတွေ‌ရနေပါတယ်။ပြီးခဲ့တဲ့ အပတ်တွေကလည်း ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်ပြောခဲ့ပါသေးတယ်။တူညီတဲ့ အတွေးအမြင်တွေကိုပဲ ပြောခဲ့တာပါ”

“သေချာပေါက် ကျွန်တော်တို့ ပင်ပန်းနေပါပြီ။(၁၀)ရက်လောက် အိပ်ယာထဲမှာ ရှိပြီး ပရီးမီးယားလိဂ်ကစားရမယ်ဆိုရင် ခင်ဗျားပင်ပန်းနေပါလိမ့်မယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ဇန်နဝါရီ(၂)ရက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။