နောက်ကျဂိုးပေးရလို့ ဘူနေပါတယ်ဆိုမှ ကိုယ်သွင်းတဲ့ဂိုးပါ မရသင့်ဘူးအပြောခံနေရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ မနေ့ညက ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာ တဖက်တဂိုးစီ သရေရလဒ်သာရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုပြေးလမ်းကြောင်းမှာ ဆက်တိုက်ဆိုသလို ခြေချော်နေတာဖြစ်ပြီး ဒီပွဲမှာလည်း အခုလိုပဲ ထပ်မံခြေချော်ခဲ့တာပါ။

ပထမပိုင်းမှာ ချဲလ်ဆီးအတွက် တိုက်စစ်မှူး လူကာကူက ထောင့်ကန်ဘောကတဆင့် ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် ဒုတိယပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာ ဝဲလ်ဘတ်က ဘရိုက်တန်အတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။

အဲ့ဒါကြောင့် ချဲလ်ဆီးတို့ အိမ်ကွင်းမှာ သရေတမှတ်နဲ့ ကျေနပ်ခဲ့ရတာပါ။ ဒီပွဲမှာ ချဲလ်ဆီး ကစားသမားတွေဖြစ်တဲ့ ရီစီဂျိမ်းစ်၊ ခရစ္စတန်ဆန်တို့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အပြင် ပင်နယ်တီရသင့်တဲ့ အခွင့်အရေးတချို့လည်း ငြင်းပယ်ခံခဲ့ရပါတယ်။

ဒါပေမယ့် ချဲလ်ဆီးရသွားတဲ့ ဦးဆောင်ဂိုးမှာလည်း လူကာကူက မော်ပေးကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ဝေဖန်မှုတွေရှိနေတာပါ။

ထောင့်ကန်ဘောအနေအထားမှာ မော်ပေးက လူကာကူကို လူကပ်ကစားခဲ့ပြီး လူကာကူကတော့ ဒီကစားသမားကို တံတောင်နဲ့ရိုက်ကာ ဂိုးသွင်းယူသွားတယ်လို့ ပရိသတ်တွေက ဝေဖန်နေပါတယ်။

၅၀-၅၀ အနေအထားမျိုးမှာ ဆုံးဖြတ်ရခက်ခဲ့ပြီး ကွင်းလယ်ဒိုင်ကတော့ VAR ရဲ့ အကူအညီနဲ့ ဒီဂိုးကို ခွင့်ပြုပေးခဲ့တာပါ။

ဒါ့အပြင် (၅) ပေ (၇) လက်မသာရှိတဲ့ ဘရိုက်တန်တိုက်စစ်မှူး မော်ပေးက အရပ် (၆) ပေ (၂) လက်မရှိတဲ့ လူကာကူကို ထောင့်ကန်ဘောမှာ လူကပ်ကစားခဲ့ရတဲ့အပေါ်မှာလည်း ပရိသတ်တွေက ဘရိုက်တန်ရဲ့ ခံစစ်ကြောင်းကို ဝေဖန်မှုတွေရှိနေပါတယ်။