ရီးရယ်လ်နဲ့ စာချုပ်အကုန်မှာ ကစားသမားဘ၀က အနားယူဖို့စဉ်းစားနေတဲ့ မာဆယ်လို

မာဆယ်လို ဟာ ရီးရယ်လ် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အခုရာသီအကုန်မှာ ကစားသမားဘ၀က အနားယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။အသက်(၃၃)နှစ်အရွယ်ရှိ ရီးရယ်လ် အသင်းခေါင်းဆောင်ဟာ ဒီရာသီမှာ အသင်းအတွက် ပွဲကစားခွင့်အနည်းငယ်သာရရှိထားတာဖြစ်ပါတယ်။

မာဆယ်လို ဟာ နည်းပြ အန်ဆယ်လော့တီ လက်အောက်မှာ တပွဲသာ ပွဲစတည်းက ပါ၀င်ခဲ့ရပြီး (၁၄၀) မိနစ်သာ ကစားထားခဲ့ရတာဖြစ်ပါတယ်။ဘရာဇီးလ် ကစားသမားဟာ ဒီရာသီအကုန်မှာ ဘာနေဗျုး ကနေ ထွက်ခွာဖို့ ပြောဆိုမှုတွေရှိနေတာပါ။

မာဆယ်လို ဟာ ဇာတိဘရာဇီးလ် ရှိ ဖလူမင်နတ်စ် အသင်းမှာ ကစားနိုင်တယ်လို့ ကောလဟာလ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ဒါပေမယ့် (၂၀၀၇) က ရီးရယ်လ် အသင်းကို ရောက်ရှိခဲ့တဲ့ မာဆယ်လို ဟာ စပိန်ကလပ်ကို သစ္စာရှိတဲ့ အနေနဲ့ အနားယူဖို့သာ စဉ်းစားထားတယ်လို့ မာကာ က ဖော်ပြခဲ့တာဖြစ်ပါတယ်။

မာဆယ်လို ဟာ ကစားသမားဘ၀ အစကို ဖလူမင်နတ်စ် အသင်းမှာ စတင်ခဲ့ပေမယ့် တရာသီသာ ကစားပြီး ရီးရယ်လ် အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။မာဆယ်လို ဟာ ကလပ်အသင်းမှာ မယုံကြည်နိုင်လောက်အောင် ကောင်းမွန်တဲ့ အမွေအနှစ်တခုကို ဖန်တီးနိုင်ခဲ့တာပါ။

ရီးရယ်လ် အသင်းရဲ့ လက်ရှိလူစာရင်းမှာ မာဆယ်လို ထက် ဆုဖလားပိုရတဲ့ ကစားသမားမရှိတာလည်း ဖြစ်ပါတယ်။မာဆယ်လို ဟာ (၅)နှစ်အတွင်း ချန်ပီယံလိဂ်ဖလား(၄)ကြိမ်ရတဲ့ ရီးရယ်လ် အသင်းရဲ့ အစိတ်အပိုင်း လည်းဖြစ်ခဲ့တာပါ။

မာဆယ်လို ဟာ လာလီဂါဖလား(၅)ကြိမ်၊ချန်ပီယံလိဂ်ဖလား(၄)ကြိမ် အပါအ၀င် ရီးရယ်လ် အသင်းမှာ ဆုဖလားပေါင်း (၂၃)ခု အရယူနိုင်ခဲ့တာဖြစ်ပါတယ်။ရီးရယ်လ် အသင်းဟာ ဒီရာသီမှာ လာလီဂါဖလား ရယူနိုင်ဖို့ အခြေအနေကောင်းနေတဲ့ အတွက် မာဆယ်လို အနေနဲ့ နောက်ထပ်ဆုဖလားထပ်မံပေါင်းထည့်နိုင်မှာလည်း ဖြစ်ပါတယ်။

မာဆယ်လို ဟာ ရီးရယ်လ် အသင်းအတွက် ပြိုင်ပွဲစုံ (၅၃၃)ပွဲပါ၀င်ကစားထားပြီး (၃၈)ဂိုးသွင်းယူထားတာလည်း ဖြစ်ပါတယ်။