အိမ်ထဲကျူးကျော်လာတဲ့ ဓားပြတွေရဲ့ ရန်ပြုရိုက်နှက်တာကို ခံလိုက်ရတဲ့ မန်စီးတီးကစားသမား ကန်ဆယ်လို

မန်စီးတီးနောက်ခံလူ ကန်ဆယ်လိုဟာ ယမန်နေ့က သူ့ရဲ့နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်လာတဲ့ ဓားပြလေးယောက်ရဲ့ ရိုက်နှက်ရန်ပြုခြင်းကို ခံလိုက်ရတယ်လို့ သိရပါတယ်။

ဒီသတင်းကို သူ့ရဲ့အင်စတာဂရမ်မှာ ကိုယ်တိုင် အတည်ပြုပေးခဲ့ပြီး ကန်ဆယ်လိုရဲ့ မျက်ခုံးအပေါ်မှာ ကွဲထားတဲ့ ဒဏ်ရာကိုလည်း ဓာတ်ပုံရိုက်ပြထားတာပါ။

ကန်ဆယ်လိုဟာ လန်ဒန်မှာ ဘရန့်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ပွဲအပြီး မန်ချက်စတာကို ပြန်ရောက်လာချိန်မှာ အခုလိုအဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ကန်ဆယ်လိုက “ကံမကောင်းစွာနဲ့ပဲ ကျနော်နဲ့ ကျနော့်မိသားစုကို ရက်စက်ကြမ်းကြုတ်တဲ့ လေးယောက်က ထိခိုက်နာကျင်အောင်လုပ်ခဲ့ပါတယ်။ ခုခံဖို့ ကြိုးစားလိုက်တဲ့အချိန်မှာ ဒီလိုမျိုးဖြစ်ခဲ့တာပါ”

“သူတို့က ကျနော့်တို့ရဲ့ အဖိုးတန်လက်ဝတ်ရတနာ အားလုံးကို ယူသွားခဲ့ကြပြီး ကျနော့်မျက်နှာလည်း အခုလိုဖြစ်ကျန်ခဲ့ပါတယ်။ ဒီလောက်ယုတ်ညံ့တဲ့သူတွေရှိမှန်း ကျနော်မသိခဲ့ပါဘူး”

“အရေးကြီးဆုံးက ကျနော့်မိသားစုဝင်တွေဖြစ်ပြီး ကံကောင်းစွာနဲ့ပဲ သူတို့အားလုံး အဆင်ပြေနေပါတယ်။ ကျနော့်ရဲ့ ဘဝမှာ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး အခုတကြိမ်ကလည်း ကျနော့်အတွက် ကျော်ဖြတ်စရာ ကိစ္စတခုပါ”

“ကျနော်က အမြဲတမ်း သန်သန်မာမာနဲ့ ကျော်ဖြတ်သွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ကန်ဆယ်လိုရဲ့ မန်စီးတီးဟာ မနက်ဖြန် ဇန်နဝါရီ (၁) မှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ ကန်ဆယ်လို ပါနိုင်၊ မပါနိုင်ကိုတော့ ဒီနေ့မှာပဲ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။