ပစ္စည်းတွေနဲ့ ရှယ်အပေါက်ခံရတာတောင် အဲ့ဒီထဲကမှ ပိုက်ဆံကိုရအောင် ရှာယူလာသေးတဲ့ ရမ်စ်ဒေးလ်

အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်ဟာ လိဒ်စ်ကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့ပွဲတုန်းက သူ့ဆီ လိဒ်စ် ပရိသတ်တွေ ပစ်ပေါက်လာတဲ့အထဲက ပိုက်ဆံအချို့ကို ရွေးယူလာခဲ့တယ်လို့ ဖွင့်ဟလာပါတယ်။

အဆိုပါ အင်္ဂလန်လူမျိုး ဂိုးသမားဟာ အာဆင်နယ် ဂိုးပြတ်နိုင်နေချိန်မှာ လိဒ်စ်ပရိသတ်တွေရဲ့ရှေ့မှောက် အောင်ပွဲခံရာကနေ ပြိုင်ဘက်ပရိသတ်တွေက အကြွေစေ့တွေ၊ အီးစီးကရက်တွေနဲ့ ပစ်ပေါက်ခဲ့တာပါ။

ဒီအထဲကမှ ရမ်စ်ဒေးလ်တယောက် သူ့အတွက် အကျိုးရှိမယ့် အရာကို ရွေးယူလာခဲ့တာဖြစ်ပြီး အကြွေစေ့တွေကို ပေါင်းလိုက်ချိန်မှာ (၁၇) ပေါင်အထိ ရှိတယ်လို့ ဖွင့်ဟပြောကြားလာပါတယ်။

ဒါနဲ့ ပတ်သက်လို့ အသေးစိတ်ကို ရမ်စ်ဒေးလ်က “ပထမဂိုးရပြီးချိန်မှာ သူတို့က ကျနော့်ကို ပုလင်းတွေ၊ မီးခြစ်တွေနဲ့ ထုတာပဲ။ အဲ့ဒါတွေကိုတော့ ကျနော် ကွင်းဘေး ဖယ်ထုတ်လိုက်ပါတယ်။ အဲ့ဒီမှာ ကျနော် ပိုက်ဆံတွေ စတွေ့တာပဲဗျ”

“ကြည့်လိုက်တော့ (၂) ပေါင်တဲ့။ ကျနော် အဲ့ဒီ (၂) ပေါင်ကို ယူလိုက်တာပေါ့။ နောက်တော့ ပိုက်ဆံတွေထပ်ရသေးတယ်။ အဲ့ဒါတွေကို ကျနော့်ပုဝါနဲ့ သိမ်းထားတာ။ ပထမပိုင်းပြီးတော့ ကျနော် အဲ့ဒါတွေကို အဝတ်လဲခန်းထဲ ယူသိမ်းထားလိုက်တယ်”

“ဒုတိယပိုင်းကျတော့လည်း ထပ်ရောက်လာပြန်ရော။ လိဒ်စ်က ပင်နယ်တီမကန်ခင် အီးစီးကရက်တချောင်း ကျလာတယ်။ အဲ့ဒါနဲ့ ကျနော် လိဒ်စ်က ကဲလ်ဗင်ဖီးလစ်နဲ့ စကားပြောပြီး မင်း ပရိသတ်တွေ သောက်စရာ ကုန်နေပြီ၊ ဖြည့်ပေးလိုက်ဦးလို့ ပြောလိုက်ပါတယ်”

“နောက်ဆုံး ကွင်းထဲကထွက်လာတော့ ကျနော် (၁၇) ပေါင်လောက်ရလိုက်တယ်။ ဒါတောင် တချို့ ပိုက်ဆံတွေ ကျနော် မကောက်နိုင်တော့လို့ဗျ” လို့ ပြောကြားသွားခဲ့ပါတယ်။