ရော်နယ်ဒို မန်ယူမှာမပျော်ဘူးလို့ မင်းတို့ကို ဘယ်သူပြောလဲလို့ သွယ်ဝိုက်ပြောလိုက်တဲ့ နာမည်ကျော်အေးဂျင့်

ရော်နယ်ဒိုရဲ့ နာမည်ကျော် အေးဂျင့် ဂျော့ချ်မန်ဒက်စ်က ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်မှာ မပျော်မရွှင်ဖြစ်နေပြီး အသင်းပြောင်းမယ်လို့ သတင်းတွေထွက်နေတဲ့အပေါ် ငြင်းဆန်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ရော်နယ်ဒိုတယောက် ဘာစီလိုနာနည်းပြ ဇာဗီ၊ နောက်ခံလူ ပီကေးတို့နဲ့ ဆွေးနွေးမှုတွေရှိခဲ့ပြီး သူ့ကိုခေါ်ယူဖို့အတွက် ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။

ဒါပေမယ့် ရော်နယ်ဒိုနဲ့ အေးအတူပူအမျှရှိခဲ့တဲ့ စူပါအေးဂျင့် ဂျော့ချ်မန်ဒက်စ်ကတော့ ဒီသတင်းတွေကို ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပါတယ်။

ဂျော့ချ်မန်ဒက်စ်က “ရော်နယ်ဒိုက ယူနိုက်တက်မှာ အရမ်းကို ပျော်ရွှင်နေတာပါ။ သူက ကစားသမားဘဝ တလျှောက်လုံး အကောင်းဆုံးနဲ့ အကျစ်လျစ်ဆုံး စွမ်းဆောင်ရည်ကို ပြသသွားပါလိမ့်မယ်”

“နောက်ပြီး ဒီရာသီက သူ့အတွက် ထိပ်တန်း ရာသီတခုဖြစ်လာမယ်ဆိုတာ ကျနော် သေချာပေါက်ပြောရဲပါတယ်” လို့ အီတလီ စကိုင်းစပေါ့သတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ မနေ့ညက ဘန်လေကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် တဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ရော်နယ်ဒိုက ဒီရာသီ ယူနိုက်တက်အတွက် (၂၁) ပွဲကစား၊ (၁၄) ဂိုး သွင်းယူပေးထားနိုင်ပါပြီ။

ဒါပေမယ့် အသင်းရလဒ်မကောင်းချိန်မှာတော့ ရော်နယ်ဒိုက အမြဲတမ်း စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပြီး ဒီအပြုအမူတွေကြောင့်လည်း အပြောင်းအရွှေ့သတင်းတွေ မကြာခဏ ထွက်ပေါ်နေခဲ့တာလည်းဖြစ်ပါတယ်။