မက်ဂွဲယား ထက် ဒီဂီယာကိုသာ ယူနိုက်တက်အသင်းခေါင်းဆောင် ခန့်သင့်တယ်လို့ ဖာဒီနန်ပြော

မန်ချက်စတာယူနိုက်တက် အသင်းနောက်ခံလူဟောင်း ဖာဒီနန် က အသင်းကို ရောက်ပြီးမကြာခင်မှာ အသင်းခေါင်းဆောင်အဖြစ် မက်ဂွဲယား ကို ခန့်အပ်ခဲ့တာဟာ အမှားအယွင်းဖြစ်ပြီး ဒီဂီယာ က ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

လက်စတာ အသင်းကနေ မန်ချက်စတာယူနိုက်တက် အသင်းကို ပေါင်သန်း(၈၀)နဲ့ ရောက်ရှိလာခဲ့တဲ့ မက်ဂွဲယား ဟာ (၆)လအကြာ (၂၀၂၀) ဇန်နဝါရီက အက်ရ်ှလေယန်းရဲ့ နေရာမှာ အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ခံရတာပါ။မက်ဂွဲယား ဟာ စွမ်းဆောင်ရည်တွေကြောင့် ပရိသတ်တွေ၊ဘောလုံးပွဲသုံးသပ်သူတွေရဲ့ ဝေဖန်မှုကို ကြီးကြီးမားမားခံခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ပရိသတ်အများစုကတော့ မက်ဂွဲယား ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ဖို့ တောင်းဆိုမှုတွေရှိနေပေမယ့် အင်္ဂလန်ကစားသမားဟာ နယူးကာဆယ်၊ဘန်လေ တို့နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ပွဲထွက်လူစာရင်းမှာ ပါ၀င်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဗဟိုနောက်ခံလူတွေဖြစ်တဲ့ ဗာရန်းနဲ့ လင်ဒီလော့ဖ် တို့ဟာ ဒဏ်ရာ၊ကိုဗစ် အခြေအနေတွေကြောင့် မက်ဂွဲယား ကို အရန်ခုံပေါ်မှာ ထားဖို့ဟာ နည်းပြ ရက်ဂ်နစ် ကို ခက်ခဲစေတယ်လို့ ဖာဒီနန် က ယုံကြည်နေတာဖြစ်ပါတယ်။

ဖာဒီနန် က “မက်ဂွဲယား ကို အသင်းခေါင်းဆောင် လတ်ပတ် ပေးတာ အရမ်းစောလွန်းတယ်လို့ ထင်ပါတယ်။အသင်းခေါင်းဆောင် ဖြစ်ရတာဟာ ကြီးမားတဲ့ တာ၀န်ရှိပါတယ်။ခင်ဗျားရဲ့ ပခုံးပေါ်မှာ အလွန်ကြီးမားတ့ သမိုင်းကြောင်းရှိရပါမယ်။ဒီအလေးချိန်ကို သယ်ဆောင်နိုင်ဖို့ဆိုရင် အချိန်အတိုင်းအတာ တခုအထိ အတွေ့အကြုံတွေရှိရပါမယ်”

“မက်ဂွဲယား အနေနဲ့ အသင်းခေါင်းဆောင်ဖြစ်ဖို့ထက် ယူနိုက်တက် အသင်းမှာ အဓိက ကစားသမားဖြစ်လာဖို့ အတွက် အာရုံစိုက်ဖို့က ပိုပြီး အရေးကြီးတယ်”လို့ ပြောခဲ့ပါတယ်။ဒီဂီယာ ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ နောက်ခံလူ ဖီးလ်ဂျုံးစ်နဲ့အတူ ကာလကြာရှည်စွာ ကစားနေတာဖြစ်ပြီး (၂၀၁၃)က ပရီးမီးယားလိဂ် ရခဲ့တဲ့ အသင်းမှာလည်း ပါ၀င်ခဲ့တာပါ။

ဖာဒီနန် က “ ဒီဂီယာ ကို အသင်းခေါင်းဆောင်အဖြစ် ကျွန်တော်ရွေးချယ်ချင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင် သူဟာ ဒီမှာရှိနေတဲ့အချိန်အတိုင်းအတာနဲ့ အနိုင်ရဖို့ ဘာတွေလုပ်ရမလဲဆိုတာကို သိတဲ့အတွက်ပါ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။ဒီဂီယာ ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂိုးပေါက်ကို လက်စွမ်းပြ ကာကွယ်ပေးနေတာလည်းဖြစ်ပါတယ်။