အင်တာ ကို ပြန်လာချင်နေတဲ့ လူကာကူ ကို မလာနဲ့တော့လို့ ပြန်ပြောခဲ့တဲ့ အင်တာ ပရိသတ်တွေ

လူကာကူ ကတော့ နွေရာသီက ချယ်လ်ဆီး အသင်းကို ပြောင်းရွှေ့လာခဲ့တာနဲ့ပတ်သက်ပြီး အင်တာမီလန် အသင်း ပရိသတ်တွေကို တောင်းပန်ခဲ့ပေမယ့် ပရိသတ်တွေကတော့ ဘယ်လ်ဂျီယံတိုက်စစ်မှူး အပေါ် အမြင်မကြည်လင်သေးတာကို ဆက်လက်ပြသွားခဲ့ပါတယ်။

လူကာကူဟာ ပြီးခဲ့တဲ့ (၃)ပတ်က Sky Italia နဲ့ အင်တာဗျုးရာမှာ ချယ်လ်ဆီးအသင်းမှာ သူမပျော်ရွှင်ကြောင်းနဲ့ အင်တာမီလန် က ထွက်ခွာလာချိန်မှာ ချယ်လ်ဆီးအသင်းက သူ့အတွက် စတုတ္တရွေးချယ်မှုဖြစ်တယ်ဆိုတဲ့ အကြောင်းတွေကိုလည်းပြောခဲ့တာဖြစ်ပါတယ်။လူကာကူ ဟာ မီလန်မှာရှိခဲ့တဲ့ သူ့အချိန်တွေကို လေးလေးနက်နက် ပြောခဲ့တာပါ။

လူကာကူ ဟာ ကလပ်အသင်း၊ပရိသတ်တွေနဲ့ အီတလီ တခုလုံးကို ချီးကျုးစကားပြောခဲ့ပြီး အင်တာမီလန် မှာ နောက်ထပ်ပြန်ကစားချင်တဲ့ အကြောင်းကိုပါ ပြောခဲ့တာဖြစ်ပါတယ်။လူကာကူ ဟာ ချယ်လ်ဆီး အသင်းကို မပြောင်းရွှေ့ခင် စကားမပြောမိခဲ့တဲ့အတွက်လည်း တောင်းပန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အင်တာမီလန် အသင်း အမာခံပရိသတ်တွေကတော့ လူကာကူရဲ့ ဒီလိုပြောမှုအပြီးမှာ ဆန်စီရိုကွင်းအပြင်ဘက်မှာ စာတန်းတခုကို ချိတ်ဆွဲခဲ့ပါတယ်။ဒီစာတန်းမှာတော့ “မိုးထဲလေထဲမှာ ဘယ်သူတွေ ပြေးသွားလဲဆိုတာ အရေးမပါပါဘူး။မုန်တိုင်းတိုက်တဲ့အချိန်မှာ ဘယ်သူတွေဆက်ရှိနေလဲဆိုတာသာ အရေးကြီးပါတယ်။နှုတ်ဆက်ပါတယ် ရိုမီလူ ရေ”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

လူကာကူတော့ ဒီအင်တာဗျုးမှာ “ကျွန်တော် အင်တာမီလန် အသင်းကို ချစ်တယ်လို့ အမြဲတမ်းပြောခဲ့ပြီး သူတို့အတွက် ပြန်ကစားပေးသွားမှာပါ။ဒါကို တကယ်မျှော်လင့်ထားတာပါ။အီတလီ ကို ချစ်မိသွားပါပြီ။အင်တာမီလန် ကို ထားပြီးထွက်သွားသင့်တယ်လို့ မထင်တဲ့အတွက် ကျွန်တော် တကယ်ကို ပရိသတ်တွေကို တောင်းပန်ပါတယ်။သူတ်ို့ဟာ ကျွန်တော့်အတွက် အရာအားလုံးလုပ်ပေးခဲ့တဲ့အတွက် သူတို့ကို အရင်ဆံုံးပြောခဲ့သင့်တာပါ”

“ကျွန်တော် ဒါကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ကျွန်တော့် ကစားသမားဘ၀ အဆုံးမှာမဟုတ်ဘဲ ဆုဖလားတွေ ရယူနိုင်သေးတဲ့ အချိန်မှာပဲ အင်တာမီလန်ကို ပြန်သွားချင်တယ်လို့ “ပြောခဲ့တာဖြစ်ပါတယ်။

လူကာကူ ဟာ အင်တာမီလန် အသင်းက်ို (၁၁)နှစ်ကြာ ဝေးကွာနေတဲ့ စီးရီးအေဖလားရယူနိုင်အောင် ပြုလုပ်ပေးခဲ့လို့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့ပေမယ့် ရာသီသစ်စတင်ကာနီးမှ အံအားသင့်ဖွယ် ပြောင်းရွှေ့သွားခဲ့လို့ ပရိသတ်တွေရဲ့ မုန်းတီးမှုကို ခံခဲ့ရတာဖြစ်ပါတယ်။