ချဲလ်ဆီးဖန်တွေကို ပါးတွေနားတွေရိုက်ပြီး ကျေးဇူးဆပ်နေတဲ့ လူကာကူ

ချဲလ်ဆီး တိုက်စစ်မှူး လူကာကူဟာ သူ့အနေနဲ့ ဥရောပမှာ ရီးရဲယ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့ကိုသာ အသင်းကြီးအဖြစ် သတ်မှတ်ထားပြီး ဒီအသင်းတွေက မခေါ်လို့ ချဲလ်ဆီးကို ရောက်လာတယ်လို့ ပြောကြားလာပါတယ်။

ဝေဖန်မှုတွေ ဆက်တိုက်ခံနေရတဲ့ လူကာကူရဲ့ အင်တာဗျူးအစီအစဥ် အပိုင်းဆက်က ထပ်မံထွက်ပေါ်လာခဲ့ပြီး ဒီအင်တာဗျူးတွေထဲမှာ ချဲလ်ဆီးမှာ မပျော်တဲ့အကြောင်း၊ အင်တာမီလန်ကိုပြန်ချင်တဲ့အကြောင်းနဲ့ အခုလည်း ချဲလ်ဆီးကို နှိပ်ကွပ်ရာရောက်တဲ့ စကားမျိုး ပြောခဲ့တာပါ။

လူကာကူက “ကျနော့် အမြင်ကို ပြောရရင် ဥရောပမှာ ရီးရဲယ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့ကသာ ထိပ်တန်းအသင်း (၃) သင်းပါ။ ကစားသမားတိုင်းက အဲ့ဒီမှာ ကစားဖို့ စိတ်ကူးယဥ်လေ့ရှိပါတယ်”

“ကျနော်လည်း အတူတူပါပဲ။ ဒါပေမယ့် ကျနော့်အတွက် အခွင့်အရေးမရခဲ့တော့ ရွေးချယ်စရာက ချဲလ်ဆီးပဲရှိပါတယ်။ သူတို့ကလည်း အဲ့ဒီအချိန်မှာ ကမ်းလှမ်းခဲ့ပါတယ်”

“ဒီအတွက် ကျနော် အင်ဇာဂီဆီမှာ အသင်းက ထွက်ခွာခွင့်တောင်းခံခဲ့ပါတယ်။ အင်တာမီလန်သာ စာချုပ်သစ် ကမ်းလှမ်းခဲ့ရင် ကျနော် ထွက်ဖြစ်မှာတော့ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

လူကာကူရဲ့ ပြောစကားတွေအပေါ် နည်းပြ သောမတ်စ်တူဟယ်လ်က ဒေါသပေါက်ကွဲနေပြီး လူသိရှင်ကြားလည်း တုံ့ပြန်ထားပါတယ်။

လူကာကူဟာ ဒီအင်တာဗျူး အစီအစဥ်တွေကို သူ့သဘောနဲ့သူ စကိုင်းစပေါ့နဲ့ ဆက်သွယ်ပြီး သီးသန့်စီစဥ်ခဲ့တာဖြစ်ပြီး ဒီအပေါ်မှာလည်း ချဲလ်ဆီး တာဝန်ရှိသူတွေက အံ့အားသင့်နေရတယ်လို့ သိရှိရပါတယ်။