မန်စီးတီးကို ကစားသမားစက်ရုံလို့ တဖြည်းဖြည်းမြင်လာပုံရတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ နောက်ဆုံးအပြောင်းအရွှေ့နှစ်ခုအတွင်း မန်စီးတီး ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ အဲရစ်ဂါစီယာ၊ တိုက်စစ်မှူး အဂွေရိုနဲ့ အခုနောက်ဆုံး တိုက်စစ်ကစားသမား ဖာရန်တောရက်စ်တို့ကို ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့် ဘာစီလိုနာတို့ ဒီလောက်နဲ့ ကျေနပ်နိုင်ခြင်းမရှိသေးဘဲ အခုလည်း မန်စီးတီးရဲ့ အဓိကနောက်ခံလူ လာပေါ့တ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာပါ။

လာပေါ့တ်ဟာ ဂွါဒီယိုလာရဲ့ အဓိကနောက်ခံလူအဖြစ် ဒီယက်စ်နဲ့ ပူးတွဲ ခြေစွမ်းပြနေပြီး နောက်ဆုံး ပရီးမီးယားလိဂ် (၆) ပွဲဆက်တိုက်မှာ ပွဲချိန်ပြည့် ပါဝင်ကစားခွင့်ရထားသူပါ။

ဒီကစားသမားရဲ့ စာချုပ်သက်တမ်းက (၂၀၂၅) အထိ ဖြစ်ပြီး စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာတော့ စပိန်မြေကိုသာ ပြန်ဖွယ်ရှိပါတယ်။

ဒါပေမယ့် ဘာစီလိုနာကတော့ အခုတည်းက လာပေါ့တ်ကို ခေါ်ယူလိုတာဖြစ်ပြီး ဒီအချက်နည်းနည်းတော့ ခက်ဖို့ရှိပါတယ်။

ဘာစီလိုနာဟာ ဖာရန်တောရက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ မကြာခင် ရက်ပိုင်းကမှ တရားဝင်ကြေညာထားတာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် (၅၈) သန်း အသုံးပြုခဲ့ရတာပါ။

အခုလာပေါ့တ်ရဲ့ တန်ကြေးကလည်း အဲ့ဒီထက် နည်းဖို့ မရှိတာကြောင့် ဘဏ္ဍာရေး အကျပ်အတည်းတွေရှိနေတဲ့ ဘာစီလိုနာအတွက်တော့ ခက်ခဲနိုင်ဖွယ်ရှိပါတယ်။

အသက် (၂၇) နှစ်အရွယ် ဒီနောက်ခံလူဟာ အဲရစ်ဂါစီယာနဲ့ စပိန်အသင်းဖော်တွေဖြစ်တာကြောင့် ရင်းနှီးတဲ့ ဆက်ဆံရေးတွေရှိပြီး ဘာစီလိုနာကတော့ ဒီအချက်ကို အသုံးချကာ လာပေါ့တ်ကို ဆွဲဆောင်ဖို့ ကြိုးစားလာဖွယ်ရှိပါတယ်။