ရော်နယ်ဒိုကို ပေးလိုက်ကွာဆိုပြီး ဘလိုင်းကြီးလာတောင်းနေတဲ့ ပရီးမီးယားလိဂ်နည်းပြ

ဝုလ်ဗ်နည်းပြ ဘရူနိုလေ့ချ်ဟာ ယူနိုက်တက်အနေနဲ့ ရော်နယ်ဒိုကို အသင်းမှာ ထားလို့ မပျော်ရွှင်ရင် ဝုလ်ဗ်ကို ပေးလိုက်ဖို့ ပြောဆိုသွားခဲ့ပါတယ်။

အရင်ကလည်း ဝက်ဖို့ဒ်နည်းပြ ရာနီရေးရီက ယူနိုက်တက်နဲ့ ကစားမယ့်ပွဲမတိုင်ခင် ရော်နယ်ဒိုကို ဝက်ဖို့ဒ်အတွက် ပေးလိုက်ရင် ပွဲချိန်ပြည့် ပေးကစားမယ်လို့ ပြောဆိုခဲ့သေးတာပါ။

ယူနိုက်တက်နဲ့ဝုလ်ဗ်တို့ဟာ လာမယ့် ဇန်နဝါရီ (၃) ညမှာ ရင်ဆိုင်ကစားမှာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာ ဘရူနိုလေ့ချ်က တနိုင်ငံတည်းသားချင်း ရော်နယ်ဒိုနဲ့ ပတ်သက်လို့ အခုလို ပြောကြားလာခဲ့တာဖြစ်ပါတယ်။

ဘရူနိုလေ့ချ်က “ရော်နယ်ဒိုက စက်ယန္တရားတလုံးလို အလုပ်လုပ်တဲ့လူပါ။ အရမ်းကို အကျိုးသက်ရောက်မှု ကြီးမားတဲ့ ကစားသမားဆိုလည်း ဟုတ်ပါတယ်”

“ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံးအသင်းတိုင်းအတွက် သူ့လို ကစားသမားမျိုးကို လိုအပ်ပါတယ်။ တကယ်လို့ ယူနိုက်တက်အနေနဲ့ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ အဆင်မပြေတာရှိရင် ဝုလ်ဗ်မှာ ရော်နယ်ဒိုအတွက် နေရာရှိပါတယ်”

“ကျနော့်အသင်းက ကစားသမားတွေလည်း ရော်နယ်ဒိုရောက်လာရင် ပျော်ရွှင်ကြမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဝုလ်ဗ်ကလည်း ပေါ်တူဂီ ကစားသမားအများစုနဲ့ စုဖွဲ့ထားတာဖြစ်ပြီး လက်ရှိ နည်းပြ ဘရူနိုလေ့ချ်ကလည်း ပေါ်တူဂီသားတယောက်ဖြစ်တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ပေါ်တူဂီအသင်းလို့တောင် နောက်ပြောင်ခေါ်ဝေါ်ခံရလေ့ရှိပါတယ်။