ဆောရီး အိုလေ၊ ရော်နယ်ဒို က ရပ်တန့်မရတော့ဘူး

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ဂျုဗင်တပ်စ် ကနေ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒို ဟာ ဘန်လေ အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် အနိုင်ဂိုးသွင်းပေးပြီး (၂၀၂၁) ကို အောင်မြင်စွာနဲ့ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဘန်လေ အသင်းနဲ့ ပွဲမှာ ဂိုးသွင်းခဲ့တာကြောင့် အသင်းဖော်နဲ့ နည်းပြဟောင်း ဖြစ်တဲ့ ဆိုးလ်ရှားရဲ့ ပရီးမီးယားလိဂ်မှာ သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပရီးမီးယားလိဂ်(၂၁၁)ပွဲ ကစားထားပြီး (၉၂)ဂိုးသွင်းယူထားတာပါ။

၀က်ဖိုဒ့် အသင်းကို (၄)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်ပြီးနောက် မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဆိုးလ်ရှားဟာ ကလပ်အတွက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၂၃၅)ပွဲမှာ (၉၁)ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် ရော်နယ်ဒိုက (၁)ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။

ရော်နယ်ဒို ဟာ ပြိုင်ပွဲစုံမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၁၃၂)ဂိုးသွင်းယူထားတာဖြစ်ပြီး ဆိုးလ်ရှားက (၁၂၆)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။အဲ့ဒါကြောင့် ဒီမှာလည်း ရော်နယ်ဒို ဟာ ဆိုးလ်ရှားကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ခြေစွမ်းတသမတ်တည်းမရှိပေမယ့် ရော်နယ်ဒို ကတော့ ပြိုင်ပွဲစုံပွဲ(၂၀)ကစားထားအပြီးမှာ (၁၄)ဂိုးသွင်းယူထားတာပါ။ပေါ်တူဂီ အသင်းခေါင်းဆောင် အနေနဲ့ ပရီးမီးယားလိဂ်သွင်းဂိုး(၁၀၀)ပြည့်ဖို့ နောက်ထပ်(၈)ဂိုးသာ လိုအပ်တော့တာလည်းဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ နယူးကာဆယ်၊နော၀စ်ခ်ျ တို့နဲ့ ပွဲစဉ်အပြီးမှာ ပရိသတ်တွေကို နှုတ်ဆက်ခြင်းမပြုပဲ အ၀တ်လဲခန်းထဲ တန်း၀င်သွားတဲ့ သူ့ရဲ့ ပုံစံတွေနဲ့ ပတ်သက်ပြီး မကြာသေးခင်က ဝေဖန်မှုတွေ ခံခဲ့ရတာပါ။ ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ မပျော်ရွှင်တော့ပဲ အသင်းပြောင်းရွှေ့ချင်နေတယ်လို့ ကောလဟာလ သတင်းတွေထွက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်းဒတ်စ် ကတော့ သူ့ရဲ့ ကစားသမားဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ အလွန်ပျော်ရွှင်နေတယ်လို့ ဖြေရှင်းသွားခဲ့တာဖြစ်ပါတယ်။