ပေါက်ကွဲသံစဉ်တွေပြင်းခဲ့တဲ့ လူကာကူအတွက် ပြစ်ဒဏ်၂ခု ချဖို့ ရှိနေတဲ့ တူချယ်လ်

လူကာကူ ဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျုးမှာ ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာတွေအပါအ၀င် အနာဂတ်မှာ အင်တာမီလန် ကို ပြန်ကစားချင်တဲ့ ဆန္ဒတွေကို ပြောခဲ့တာကြောင့် နည်းပြတူချယ်လ် က ပြစ်ဒဏ်(၂)ခုမှတ်ဖို့ စဉ်းစားနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

လူကာကူ ဟာ အင်တာဗျုးပြုလုပ်ထားတာကြာပြီဖြစ်ပေမယ့် ကြာသပတေးနေ့ကမှ လေလိုင်းပေါ်မှာ ပျံနှံလာခဲ့တာဖြစ်ပြီး ချယ်လ်ဆီး အသင်းရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မပျော်ရွှင်ဘူးလို့ ပြောခဲ့ပါတယ်။” ဒီအခြေအနေတွေကို မပျော်ရွှင်ပါဘူး။ဒါက ပုံမှန်ပါပဲ။ဒါပေမယ့် ကျွန်တော်ဟာ အလုပ်လုပ်နေတဲ့အတွက် လက်လျှော့သွားမှာမဟုတ်ဘူး”လို့ ပြောခဲ့တာပါ။

လူကာကူ ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ အင်တာမီလန် အသင်းကနေ ပေါင်(၉၇ ဒသမ၅)သန်းနဲ့ ချယ်လ်ဆီး အသင်းထံ ပြန်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။”ကျွန်တော် ထွက်သွားတဲ့လမ်းက မတူဘူးလို့ ထင်တဲ့အတွက် အင်တာပရိသတ်တွေကို ကြီးမားတဲ့ တောင်းပန်စကားပြောချင်ပါတယ်”

“ကျွန်တော့်ကစားသမားဘ၀ မကုန်ဆုံးခင်မှာ အင်တာမီလန် ကို ပြန်လာဖို့ ကျွန်တော့်နှလုံးသားထဲကနေ အလွန်မျှော်လင့်မိပါတယ်။ဒါပေမယ့် ဒီထက်အောင်မြင်မှုတွေရယူနိုင်သေးတဲ့ အချိန်မှ ပြန်လာချင်တာပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီး ပရိသတ်အများအပြားက လူကာကူ ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး ဆိုးဆိုးရွားရွား ပြန်လည်တုံံ့ပြန်ခဲ့သလို အင်္ဂလန် ကစားသမားတွေဖြစ်တဲ့ ဒါရင်းဘန့်နဲ့ ဆင်ကလဲယား တို့က ကလပ် အသင်းပရိသတ်တွေကို ပြန်လည်တောင်းပန်ဖို့ တိုက်တွန်းခဲ့တာပါ။

တူချယ်လ် ကလည်း လူကာကူ ရဲ့ ပြောဆိုမှုတွေဟာ ကလပ်အသင်းကို အထောက်အကူမဖြစ်ကြောင်း ပြောခဲ့ပြီး သူ့ရဲ့ တိုက်စစ်မှူးကို အရေးယူပေးဖို့ စဉ်းစားနေပြီလို့ ဒေးလီးတယ်လီဂရပ် က ဖော်ပြခဲ့ပါတယ်။တူချယ်လ် ဟာ လီဗာပူးလ်နဲ့ ပွဲမှာ လူကာကူကို အသုံးမပြုဖို့ အထိ စဉ်းစားနေတာလည်း ဖြစ်ပါတယ်။

လူကာကူ ဟာ ဒီအင်တာဗျုးအတွက်လည်း ဒဏ်ကြေးငွေပေးဆောင်ရဖွယ်ရှိနေတာပါ။ချယ်လ်ဆီး အသင်းဟာ လက်ရှိအချိန်မှာ ထိပ်ဆုံးက မန်စီးတီး အသင်းနဲ့ (၁၁)မှတ်အထိကွာဟနေတာလည်းဖြစ်ပါတယ်။လူကာကူ ဟာ ချယ်လ်ဆီး အသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲမှာ (၂)ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။