မန်စီးတီးကို ကြက်ဥတိုက်ခဲ့တဲ့ VAR နဲ့ ဒိုင်ကို အာဆင်နယ်ဂိုးသမား အကြီးအကျယ်ပေါက်ကွဲ

အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်ဟာ မန်စီးတီးကို ရှုံးခဲ့တဲ့ပွဲက ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဝေဖန်ပြောကြားလာခဲ့ပါတယ်။

ဒီပွဲမှာ ပင်နယ်တီဖြစ်နိုင်တဲ့ဖြစ်ရပ် နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အာဆင်နယ်ရဲ့တကြိမ်မှာတော့ ပင်နယ်တီမရခဲ့ပေမယ့် မန်စီးတီးဖြစ်ရပ်မှာ ပင်နယ်တီရသွားခဲ့တာပါ။

အိုဒီဂတ်ကို မန်စီးတီးဂိုးသမား အီဒါဆန် ပြစ်ဒဏ်ကျူးလွန်ပုံက သိသာလွန်းခဲ့ပေမယ့် ပင်နယ်တီမရခဲ့ပေမယ့် ဘာနာဒိုဆေးလ်ဗားနဲ့ ချာကာဖြစ်ရပ်မှာတော့ မပြင်းထန်လွန်းဘဲ ပင်နယ်တီသတ်မှတ်ပေးခဲ့တာပါ။

မန်စီးတီးရဲ့ ဒီပင်နယ်တီက ချေပဂိုးဖြစ်ခဲ့ပြီး နောက်ဆုံးမိနစ်မှာတော့ ရိုဒရီက မန်စီးတီးအတွက် အနိုင်ဂိုးသွင်းယူပေးသွားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အာဆင်နယ် ဂိုးသမား ရမ်စ်ဒေးလ်က “ပင်နယ်တီဖြစ်ရပ်နှစ်ခုမှာ တခုကို ဒိုင်ကကြည့်ပြီး နောက်တခုကို ဘာလို့ မျက်ကွယ်ပြုခဲ့လဲ ကျနော် နားမလည်နိုင်ပါဘူး”

“ဒီအတွက် အကြောင်းပြချက်ရှိရပါမယ်။ VAR ကြည့်လိုက်၊ မကြည့်လိုက်နဲ့ ဘာမှ တည်ငြိမ်မှုမရှိပါဘူး။ ဒါတွေက ပွဲကိုသတ်လိုက်တဲ့အချက်တွေပါ”

“ဖြစ်ဖြစ်ချင်းမှာ ပင်နယ်တီက သိပ်မသေချာပေမယ့် အနှေးပြကွက်နဲ့ကြည့်ပြီး ပေးလိုက်ပါတယ်” လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ကစားသမားတယောက်လည်း အထုတ်ခံခဲ့ရပြီး နောက်ခံလူ ဂါဘရီရယ် အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ နည်းပြ အာတီတာ ကိုဗစ်ကူးစက်မှုကြောင့် ဒီပွဲကို ကြီးကြပ်ခွင့်မရရှိခဲ့ပေမယ့် ပထမပိုင်းမှာ ပုံစံကောင်းပြနိုင်ခဲ့ပြီး ဆာကာရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဒါပေမယ့် ဒိုင်လူကြီးရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကြောင့် အခုလိုပဲ ရှုံးပွဲကြုံတွေ့ခဲ့ရပြီး ကွင်းလယ်ဒိုင် အတ်ဝဲလ်အပေါ် ဝေဖန်ပြစ်တင်မှု အများအပြားရှိနေပါတယ်။